တက္ကဆက်တွင် ရဲလက်မှထွက်ပြေးသည့်ကား မြောင်းထဲထိုးကျ၊ ရွှေ့ပြောင်း ၆ ဦးသေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဇွန်လ ၅ ရက်နေ့က ရဲကားလက်က လွတ်အောင် ထွက်ပြေးရင်း ကားတစီး လမ်းဘေးမြောင်းထဲ ထိုးကျပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီ ထွက်ပြေးလာတဲ့ SUV ကားပေါ်မှာ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေဒိုနဲ့ မက္ကဆီကိုနိုင်ငံတွေက အထောက်အထားမဲ့ ရွှေ့ပြောင်းလာသူ ဒါဇင်နဲ့ချီပါလာပြီး ၅ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ရဲက ဆိုပါတယ်။ အဲဒီကားဟာ ဇွန်လ ၄ ရက်နေ့ ညက ကောပတ်စ် ခရစ္စတီမြို့အနောက်ဘက် မိုင် ၂၀ အကွာ မီးပွိုင့်ကို ဖြတ်မောင်းတဲ့ကားနဲ့ တစီးတည်းလို့ ယုံကြည်ရတယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ SUV ကားဟာ ကားလမ်းမပေါ်ကနေ ဝါခင်းထဲ မောင်းပြေးပြီးနောက် ရဲက လိုက်ဖမ်းတာကို ရပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အနီးဝန်းကျင် ဖြတ်သွားဖြတ်လာတွေက ဒဏ်ရာရသူတွေ လမ်းပေါ်လျှောက်သွားနေတယ်ဆိုပြီး ရဲကို အကြောင်းကြားမှ မြောင်းထဲ ကားထိုးကျပြီး ပျက်စီးသွားခဲ့တာကို ရဲက သိခဲ့ပါတယ်။ ကားမောင်သူ ထွက်ပြေးသွားတယ်လို့ ရဲက ယုံကြည်ပြီး သေဆုံးသူအားလုံးဟာ အယ်လ်ဆာဗေဒိုနိုင်ငံသားတွေ ဖြစ်တယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။

More News
Up