အမေရိကန်တွင် မီးရှူးမီးပန်းများ သိုလှောင်ထားသည့် အဆောက်အဦ ပေါက်ကွဲမီးလောင်

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် ရို့စ်ဝဲလ်မြို့ထဲက အဆောက်အဦတလုံး ဇွန်လ ၅ ရက်က ပေါက်ကွဲမီးလောင်ခဲ့လို့ မီးသတ်သမား အတော်များများ ဒဏ်ရာရပြီး ၂ ယောက် ဒဏ်ရာပြင်းထန်ပါတယ်။ မြို့ထဲမှာ နှစ်စဉ်ကျင်းပနေကျ အမေရိကန် လွတ်လပ်ရေးနေ့မှာ ပစ်ဖောက်ဖို့ မီးရှူးမီးပန်းတွေ သိုလှောင်ထားတဲ့ အဆောက်အဦ ပေါက်ကွဲတာလို့ ရဲတွေနဲ့ မြို့အရာရှိတွေက ပြောပါတယ်။ မြို့ရဲ့တောင်ဘက် ဆင်ခြေဖုံးနားမှာရှိတဲ့ စီးပွားရေးဆိုင်ရာ လေဆိပ်ဝင်းထဲက အဆောက်အဦမှာ မွန်းလွဲပိုင်းက ပေါက်ကွဲတာလို့ မြို့ပြောခွင့်ရက ဆိုပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ မီးသတ်သမား ၂ ယောက်ကို ဆေးရုံတင်ပို့ထားပြီး ကျန်တဲ့ ဒဏ်ရာရ မီးသတ်သမား တဒါဇင်လောက်ကိုတော့ အခင်းဖြစ်နေရာမှာတင် ကုသပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်၊ ပေါက်ကွဲတဲ့နေရာနဲ့ လေဆိပ်က ဝေးလို့ လေကြောင်းခရီးစဉ်တွေအပေါ် အနှောင့်အယှက် မဖြစ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

More News
Up