Home
မြန်မာသတင်း
ဒီမိုကရေစီ ပန်းတိုင်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
November 15, 2012
မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီရေး ပန်းတိုင်ကို မရောက်သေးသလို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်မှာပဲ ရှိသေးတယ်လို့ ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ အိန္ဒိယနိုင်ငံ နယူးဒေလီက ဩဇာဂုဏ်ရှိန် ကြီးမားလှတဲ့ ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောချက် ပို့ချရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး အိန္ဒိယက မြန်မာဒီမိုကရေစီရေး ရှေးရှုရာမှာ ဘေးကနေ ရပ်တည်ပေးဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ [caption id="attachment_33098" align="alignleft" width="300" caption="နေရူးအမှတ်တရပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်"][/caption] “ကျမတို့ အခုချိန်ထိ ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးပါဘူး၊ ကျမတို့ ကြိုးစားနေဆဲပါ။ နောက်ဆုံးနဲ့ အခက်ခဲဆုံး ပြောင်းလဲတိုးတက်မှုတွေအတွက် ရှေ့ဆက်ရာမှာ နှစ်ပေါင်းများစွာ အရှေ့ကနေ ရောက်နေတဲ့ အိန္ဒိယပြည်သူတွေက ဘေးကနေ ရပ်တည်ပြီးတော့ လိုက်ပါလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အနာဂတ်မှာတော့ ခိုင်မာတဲ့ မဟာမိတ်အဖြစ် မျှော်လင့်ထားသလို ခက်ခဲတဲ့အချိန်မှာတုန်းက အိန္ဒိယက အဝေးကို ခွဲခွာခဲ့တာကိုလည်း ၀မ်းနည်းတယ်လို့ ပြောပါတယ်။ “ကျမတို့ အခက်ခဲဆုံးအချိန်မှာလည်း အိန္ဒိကက ခွဲခွာသွားတာကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျမတို့ ၂ နိုင်ငံ ပြည်သူတွေရဲ့ ဆက်ဆံရေးကို အခြေခံပြီး ၂ နိုင်ငံ ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးကို ကျမယုံကြည်ပါတယ်” လို့ သူမက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က “တိုင်းပြည် ၂ ခုအကြား ဆက်ဆံရေးက အစိုးရအပေါ်မှာ အခြေမခံဘဲ ပြည်သူတွေအပေါ်မှာ အခြေခံတဲ့ ဆက်ဆံရေး ဖြစ်ဖို့လိုပါတယ်။  အစိုးရတွေကတော့ တက်လာလိုက် ဆင်းသွားလိုက်ပါ” လို့ ပြောပါတယ်။ မဟတ္တမဂန္ဒီနဲ့ နေရူးတို့က သူမကို နိုင်ငံရေးအရ ပုံဖော်ပေးတယ်လို့ ပြောဆိုသလို နေရူးရဲ့ စာပေ အရေးအသားကိုလည်း ချီးကျူးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီကို ရောက်ပြီး နောက်တနေ့မှာ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ နယူးဒေလီမြို့မှာ ကျောင်းသူတယောက်ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က မလွတ်မြောက်ခင် အရင်စစ်အစိုးရနဲ့ အိန္ဒိယအစိုးရတို့ရဲ့ ဆက်ဆံရေးကို စိတ်မကောင်းကြောင်း သတင်းစာ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024