မာဂရီသစ်တောကြိုးဝိုင်းအတွင်း သားအမိနှစ်ဦး တောဆင်ရိုင်းအနင်းခံရသေဆုံး
DVB
·
June 6, 2019
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ကျွဲဘုတ်ကျေးရွာအုပ်စု၊ မာဂရီသစ်တောကြိုးဝိုင်း အကွက်အမှတ် ၃၇ မှာ ဇွန်လ ၆ ရက်နေ့ မနက် ၄ နာရီလောက်က မိခင်ဖြစ်သူနဲ့ ၂ နှစ်အရွယ် ကလးငယ်တဦး တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးခဲ့တယ်လို့ ကျွဲဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက ပြောပါတယ်။
“သူတို့မိသားစုက ကျနော့်အုပ်စု မီးလောင်ကုန်းကျေးရွာမှာနေတာ၊ သစ်တောစိုက်ခင်းမှာ အလုပ်လုပ်နေတာ။ သူ့အမျိုးသားက ဥက္ကံကိုပြန်သွားတဲ့အချိန် သားမိနှစ်ယောက်ကျန်ခဲ့တာပါ။ အချိန်ကတော့ မနက် ၄ နာရီလောက်ရှိမယ်။ ၁၀ ပေပတ်လည်တဲကို ဝင်ဖျက်သွားပြီး သားအမိ နှစ်ယောက်လုံးကို နင်းသတ်သွားတာ။ အခုရဲစခန်းကို အကြောင်းကြားပြီး စစ်ဆေးတာတွေပြု လုပ်နေပါတယ်" လို့ပြောပါတယ်။
တောဆင်ရိုင်း အနင်းခံရလို့ နော်ကြင်လှ (၂၆ နှစ်) နဲ့ သားဖြစ်သူ ထွန်းလင်းဇော် (၂) နှစ်တို့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ အနောက်ဘက် စမ်းကလေးမှာ မနေ့ညက တောဆင်ရိုင်းတွေ အုပ်စုလိုက် ၀င်ရောက်ခဲ့တဲ့အတွက် လူနေအိမ် ၂ လုံးနဲ့ သီးနှံစိုက်ခင်းတချို့ ပျက်စီးသွားပါတယ်။
တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းတွေ နှစ်စဉ်ဝင်ရောက်ပြီး လူတွေစိုက်ပျိုးထားတဲ့ သီးနှံခင်းတွေ၊ စိုက်ခင်းအတွင်းရှိ တဲအိမ်တွေက ဆန်၊ ဆား၊ ငပိ၊ ငခြောက်တွေနဲ့ မျိုးစပါးတွေကို ရှာဖွေစားသောက်နေပြီး လူနဲ့ ပတ်ပင်းတွေ့ရှိပါက နင်းသတ်မှုဖြစ်စဉ်တွေလည်း ရှိပါတယ်။
သတင်း - မေသွယ်