ရန်ကုန်မြို့ပြမြေပုံကို ဂြိုဟ်တုစနစ်ဖြင့် ရေးဆွဲမည်
ဇေယျာချမ်းအေး
·
June 6, 2019
ရန်ကုန်မြို့ပြမြေပုံကို ဂျပန်နိုင်ငံရဲ့ငွေကြေးထောက်ပံ့တဲ့အစီအစဉ်နဲ့ ရေးဆွဲသွားဖို့ လုပ်ငန်းစဉ်ချထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူတွေက ဇွန်လ ၅ ရက်က ပြုလုပ်တဲ့ အစိုးရတတိယ တနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်စေခြင်းအားဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေဖို့နဲ့ စည်ပင်လုပ်ငန်းတွေ ပိုမို တွင်ကျယ်ဖို့ မြေပုံကိုရေးဆွဲဖို့ ကြိုးစားတာလို့လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
လက်ရှိ ရန်ကုန်မြစ်တွင်း ဆိပ်ကမ်းတွေအပြင် ပင်လယ်ကူးသင်္ဘောကြီးတွေ ဝင်ထွက်သွား လာနိုင်မယ့် ပင်လယ်ဆိပ်ကမ်းသစ်တခုလည်း တည်ဆောက်သွားမယ်လို့ အစိုးရတာဝန်ရှိ သူတွေက ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ်ပေါ်ပေါက်လာဖို့၊ အမှုတွေကို အချိန်နဲ့တပြေးညီ တင်ပြဆောင်ရွက်သွားနိုင်ဖို့၊ ရှေ့ပြေးတရားရုံးတွေ တိုးချဲ့ဆောင်ရွက်သွားဖို့နဲ့ တရားရုံးတွေရဲ့ဂုဏ်သိက္ခာမြှင့်တင်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ကြိုးစားဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၅ခု ဝင်ရောက်ခဲ့ တယ်လို့ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။
၂၀၁၈ခုနှစ် ဧပြီလကနေ စက်တင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၅ခုက ရန်ကုန်တိုင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့တာပါ။ မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂၇ ခုက တန်ဖိုး ငွေကျပ်သန်း ပေါင်း ၇သိန်းကျော် တိုးမြှင့်ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။