မောင်တောတွင် ဗုံးသီးမတော်တဆပေါက်ကွဲပြီး နယ်ခြားစောင့် ရဲ ၁ ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ
DVB
·
June 6, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပြိုယာတံတားအနီးမှာ ဇွန်လ ၅ ရက်က ဗုံးသီး မတော်တဆပေါက်ကွဲပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၁ သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက နယ်မြေ (၂) နဲ့ နယ်မြေ (၃) အတွင်းရှိ ရဲကင်းစခန်းတွေကို နခခ (၁) ဌာနခွဲက လစာနဲ့ ရိက္ခာထောက်ပံ့ ပစ္စည်းတွေ ထုတ်ပေးဖို့လာရောက်တဲ့ မော်တော်ယာဉ် ၂စီး တောင်ပြိုယာတံတားအနီး ရောက်ရှိစဉ်ယာဉ်တစီးရဲ့ နောက်မှာ လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်သားတဦး သယ်ဆောင်လာတဲ့ အီနာဂါ ဗုံးသီး ၃ လုံးအနက်မှ ဗုံးသီး ၁ လုံး မတော်တဆပေါက်ကွဲခဲ့တာလို့လည်းပြောပါတယ်။
ဗုံးသီးပေါက်ကွဲမှုကြောင့် ရဲတပ်သား ကျော်သူ သေဆုံးသွားခဲ့ပြီး ဗုံးသီးစ ထိမှန် ဒဏ်ရာရရှိတဲ့ ရဲတပ်သား သက်နိုင်၊ ရဲတပ်သား နိုင်လင်းအောင်နဲ့ ရဲတပ်သား ဥာဏ်လင်းဦး တို့ကို တောင်ပြိုတိုက်နယ်ဆေးရုံကတဆင့် မောင်တောဆေးရုံသို့ သယ်ဆောင်လာပြီး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
သတင်း- ကျော်လင်းဦး