Home
မြန်မာသတင်း
တပ်မတော်နှင့်ဆက်နွှယ်သည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၂၅ ခုကို ဖယ်ရှားပေးရန်တောင်းဆို
DVB
·
June 5, 2019
မြန်မာတပ်မတော်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့  ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ ၂၅ ခုကျော်ကို ဖယ်ရှားပေးဖို့ ယူကေ အခြေစိုက်  Burma Campaign UK အဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဖယ်ရှားပေးဖို့ တောင်းဆိုခံရတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေထဲမှာ ရေတပ်၊ လေတပ်၊ မြ၀တီရုပ်သံ၊ မြ၀တီသတင်းစာ၊  မြ၀တီဘဏ်၊ Mytel၊ MEC၊ MECTEL စတာတွေပါဝင်ပြီး ဒီအထဲမှာ မြန်မာတပ်မတော် (လေ)ရဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ အသိအမှတ်ပြု အပြာရောင် အမှတ်အသား   Blue tick ရရှိထားတယ်လို့ ဆိုပါတယ်။ ဒီဖေ့စ်ဘွတ်ခ်စာမျက်နှာတွေဟာ တပ်မတော်က ဖွင့်ထားတဲ့အကောင့်တွေ  ဒါမှမဟုတ် စစ်တပ်ပိုင်နဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေရဲ့ ဖေ့စ်ဘွတ်ခ်တွေပါဝင်သလို စစ်တပ်ရဲ့ ၀ါဒဖြန့်ချိမှုတွေကို ပြန်လည်ဖော်ပြတဲ့ လူမှုကွန်ရက်စာမျက်နှာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မတ်ခ်ဖာမနာက “ ဖေ့စ်ဘွတ်ခ်အနေနဲ့ မြန်မာစစ်တပ်ရဲ့ အကောင့်တွေကို ဘယ်လိုပုံစံမျိုးနဲ့မှ လက်ခံမထားသင့်ပါဘူး” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရဆက်ဆံတာနဲ့ ဘဏ္ဍာရေးအရ ထောက်ပံ့တာတွေ မလုပ်ဖို့ ကုလသမဂ္ဂက အကြံပြုထားပေမယ့် ဖေ့စ်ဘွတ်ခ်ဟာ မြန်မာစစ်တပ်နဲ့ စစ်တပ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၂၂ ခုကို လက်ခံထားပြီး ဒီလုပ်ငန်းတွေ အမြတ်ငွေတိုးလာအောင် မြှင့်တင်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။ Burma Campaign UK အဖွဲ့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဘက်က ပြန်လည်တုန့်ပြန်ခြင်းတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ သြဂုတ်လတုန်းကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်  အပါအ၀င်တပ်မတော်နဲ့ ပတ်သက်တဲ့ အကောင့် ၁၈ ခုနဲ့ စာမျက်နှာ ၅၂ ခုကို ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ပိတ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၁၈ ရက်ကလည်း  မြန်မာတပ်မတော်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေနဲ့ အကောင့်ပေါင်း ရာနဲ့ချီပြီး ထပ်မံဖယ်ရှား ပိတ်သိမ်းလိုက်တယ်လို့  ဖေ့စ်ဘွတ်ကုမ္ပဏီက ကြေညာပါတယ်။ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ ပိတ်ပင်ခံရပြီးနောက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်နဲ့ဆိုင်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို ရုရှားရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ ဗီကေမှာ ဖွင့်လှစ်ထားတာ မြင်တွေ့ရပါတယ် ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024