Home
မြန်မာသတင်း
သွင်းကုန် ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်း တင်သွင်း
နေဖြိုးဝင်း
·
June 5, 2019
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ နစ်နာမှုကို ကာကွယ်နိုင်ဖို့ သွင်းကုန် ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ဒီဥပဒေပြဋ္ဌာန်းပေးဖို့ ပုဂ္ဂလိက ကဏ္ဍဘက်က တောင်းဆိုလာသလို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ပြည်ပက တင်သွင်းလာတဲ့ သွင်းကုန်တွေကြောင့် အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းရှင်တွေကြုံတွေ့နေရတဲ့ ထိခိုက်နစ်နာမှုတွေကို ကာကွယ်နိုင်ဖို့နဲ့ ကုစားနိုင်ဖို့အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)က ခွင့်ပြုထားတဲ့ ကုန်သွယ်မှု ကုစားရေးအစီအစဉ်တွေကို ကျင့်သုံးနိုင်ဖို့ ဥပဒေပြဋ္ဌာန်းနိုင်ရေးဆောင် ရွက်ခဲ့တာလို့ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောပါတယ်။ "လုပ်ငန်းလေးတွေက ပြိုင်ပြီးတော့မှ မရောင်းချနိုင်တဲ့ အခြေအနေမျိုးလေးတွေ ရှိတယ်ပေါ့။ ရှိတဲ့အခါကျတော့ ပြည်တွင်းမှာလည်း ဒီပြဿနာတွေ ဖြစ်နေတယ်။ တချို့လုပ်ငန်းလေးတွေက ပျောက်ကွယ်သွားတယ်။ ဘာဖြစ်လို့လဲဆို မပြိုင်ဆိုင်တဲ့အတွက်ပေါ့။ အဲတော့ သူတို့ကို ပြိုင်ဆိုင်နိုင်ဖို့အတွက် အချိန်အတိုင်းအတာတခုအထိတော့ ပေးဖို့လိုအပ်တယ်။ အဲလို ပေးဖို့လိုအပ်တဲ့ အတွက်ကြောင့်မို့ safeguard law ကို ပြဋ္ဌာန်းပေးတာပေါ့ " ဒီဥပဒေအရ အခွန်တိုးကောက်တာနဲ့ တင်သွင်းတဲ့ပမာဏ သတ်မှတ်တဲ့ စနစ်နှစ်မျိုး ဆောင်ရွက်လို့ရပြီး ဥပဒေကိုတော့ အကြာကြီး ပြဋ္ဌာန်းထားလို့မရဘဲ အချိန်အတိုင်းအတာ တခု ထိပဲ ပြဋ္ဌာန်းလို့ရတယ်လို့ ပြောပါတယ်။ စီးပွားကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက "တခုကတော့ အခွန်တိုးကောက်တာ၊ တခုက သွင်းကုန် Quota သတ်မှတ်တာပေါ့။ ပမာဏ ဘယ်လောက်ထက်မကျော်ရဘူးဆိုပြီး အဲလို သတ်မှတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေက အကြာကြီးပြဋ္ဌာန်း ပေးလို့ မရဘူး။ များသောအားဖြင့် ဆောင်ရွက်လေ့ရှိတာက အချိန် ၃ နှစ်လောက်ပေးပြီးမှ အကာအကွယ်ပေးတယ်။ အဲလိုပေးတဲ့အခါမှာလည်း အဆင့်ဆင့် ဖြေလျော့သွားရတာပေါ့ " လို့ ဆိုပါတယ်။ ဒါ့အပြင် လျော့ဈေးနဲ့ စုပုံတင်ပို့ရောင်းချတာနဲ့ အစိုးရအထောက်အပံ့ ရယူတင်ပို့ ရောင်းချတာကြောင့် ထိခိုက်နစ်နာမှုအပေါ် ကုစားမှုဥပဒေမူကြမ်းကိုလည်း တင်သွင်းဖို့ ဆောင်ရွက်နေတယ်လို့ ဒုတိယ၀န်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024