Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ၅ မြို့နယ်၌ ညမထွက်ရအမိန့် ၂ လ ထပ်မံတိုးမြှင့်
DVB
·
June 5, 2019
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၅ ခုမှာ ညမထွက်အမိန့် ၁၄၄ ပုဒ်မကို ၂ လထပ်မံတိုးမြှင့် သတ်မှတ်လိုက်တယ်လို့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ည ၉ နာရီကနေ မနက် ၅ နာရီထိ အပြင်မထွက်ကြဖို့ ပြီးခဲ့တဲ့ ဧပြီလကနေ မေလကုန်ထိ ၂လကြာအမိန့်ထုတ်ပြန်ခဲ့ရာက သက်တမ်းကုန်သွားလို့ ထပ်မံ တိုးမြှင့် လိုက်တာလည်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးမျိုးမြင့်အောင်က “ဟုတ်တယ်။ ကျနော်တို့ ကျောက်တော်မှာ တရားဝင်ထုတ်ပြန်ထားတယ်”လို့ ပြောပါတယ်။ ကာလရှည်ကြာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ငါးဖမ်းလုပ်ကိုင်သူနဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ တောင်သူတွေအပါအဝင် လက်လုပ် လက်စား လုပ်ကိုင်သူတွေကတော့ ညကြီးအချိန်မတော်လုပ်ကိုင်မှ အဆင်ပြေမှာဖြစ်တာကြောင့် ဒီအမိန့်ကို ရုပ်သိမ်းပေးဖို့ လိုလားနေ ကြပါတယ်။ မင်းပြားမြို့နယ်မင်းဖူးကျေးရွာက လယ်သမားတဦးက “အခုဆိုရင်မိုးရာသီရောက်တော့မယ် လယ်ယာတွေ ထွန်ယက်စိုက်ပျိုး ရတော့မယ်။ ဒီအတိုင်းသာဆိုရင် ကျနော်တို့ မိုးရာသီမှာဘယ်လို လယ်တွေကိုထွန်ယက်ပြီး စားသောက်ကြမလဲ။ အခုလယ်တွေရော၊ ကျွဲနွားတွေရောအကုန် ဒီအတိုင်းပစ်ထားခဲ့ရတယ်။ ကျနော်တို့လယ်သမားတွေက ဒီလိုလယ်ထွက်ရာသီ ရောက်လာ မနက် အစောကြီး အိပ်ရာက အလုပ်ရတာ၊ ညဆိုရင် ၁၀ နာရီ ၁၁ နာရီလောက်မှာ အိမ်ကို ပြန်ရောက်တာ၊ ဒီပုဒ်မတွေကို ရုပ်သိမ်းပေးချင်တယ်။” အဲဒီညမထွန့်ရအမိန့် ထုတ်ပြန်ထားတဲ့ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရက်ပိုင်းအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့တိုက်ပွဲတွေပြင်းထန်နေပြီး ပစ်ခတ်မှုတွေအတွင်း အရပ်သားသေဆုံးမှုတွေနဲ့ ဒဏ်ရာရတာတွေ များပြားနေသလို နေရပ် စွန့်ခွာသူတွေလည်း ပိုတိုးလာနေပါတယ်။ ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂကတော့ တောင်သူတွေလယ်ယာတွေကို အချိန်မီ လုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့အကူအညီတွေ စီမံဆောင်ရွက်ပေးဖို့ မေလ ၁၆ ရက်က နိုင်ငံတော်သမ္မတဆီကို တင်ပြထားပါတယ်။ လတ်တလော ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ကျော်အထိရှိလာနေပြီး စားဝတ်နေရေးအပါအဝင် အဘက်ဘက်က အခက်ကြုံနေကြရပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှာ လယ်ယာဧကပေါင်း ၁၀ သိန်းခန့်ရှိပြီး အဓိက လယ်ယာလုပ်ငန်း အမှီပြု လုပ်ကိုင်နေ ကြရတာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်ပြီးတဲ့နောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာသာ ညမထွန့်ရအမိန့် ထုတ်ပြန်ခဲ့ပေမယ့် အခုနှစ်ဆန်းပိုင်းမှာတော့  တပ်မတော်နဲ့ အေအေတို့တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ အဆိုပါမြို့နယ် ၅ ခုမှာပါ ညမထွက်ရအမိန့် ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024