Live
Home
မြန်မာသတင်း
အစိုးရလွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးအကျဉ်းသားမပါ
DVB
·
November 15, 2012
နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၄၅၂ ဦး လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။ [caption id="attachment_33086" align="alignleft" width="300" caption="အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်လာသူများ"][/caption] နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ အသက်ရွယ်ကြီးတဲ့သူ၊ ကျန်းမာရေးချို့တဲ့သူ၊ နိုင်ငံခြားသားတွေ အပါအ၀င် အကျဉ်းသား ၄၅၂ ဦးကို ပုဒ်မ ၄၀၁ အရ လွှတ်ပေးလိုက်တဲ့အထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ဘူးလို့ နိုင်ငံရေးအကျဉ်းသားအကူအညီပေးသူတွေက ပြောကြပါတယ်။ လွှတ်ပေးလိုက်တဲ့သူတွေ အများစုထဲမှာ ပြစ်ဒဏ်ကျခံနေတဲ့ တပ်မတော်သားတွေ အများစု ပါဝင်တယ်လို့ သိရပါတယ်။ အင်းစိန်ထောင်က လွတ်လာတဲ့သူ ၃၀ ကျော်ထဲမှာ ကလေးစစ်သား၊ တပ်ပြေး စတာတွေ ပါဝင်တယ်လို့ အကျဉ်းသားအကူအညီ ပေးသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ လွိုင်ကော်အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်တဲ့သူ ၅ ဦးရှိတယ်လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းမပါဘူးလို့ သူက ဆိုပါတယ်။ လွိုင်ကော်ထောင်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖောက်ခွဲမှု ပုဒ်မ (၃/၆)၊ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုတို့ စတာတွေနဲ့ ထောင်ဒဏ် တသက်တကျွန်းနဲ့ ၈ နှစ် ချမှတ်ခံရတဲ့ လူအခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး မလွတ်မြောက်သေးပါဘူး။ မန္တလေး အိုးဘိုးအကျဉ်းထောင်က လွတ်မြောက်လာတဲ့သူတွေထဲမှာ တပ်မတော်သား ၁၇ ဦး၊ အိပ်ခ်ျအိုင်ဗွီဝေဒနာသည်က ၆ ဦး၊ နိုင်ငံခြားသား ၂ ဦးတို့ ပါဝင်တယ်လို့ အကျဉ်းသားလွတ်မြောက်တာကို သွားရောက်သတင်းယူနေတဲ့ သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံ သမ္မတ အိုးဘားမား ပထမဦးဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားဖို့ရှိနေပါတယ်။ အဲဒီအတွက် အကျဉ်းသားတွေကို လွှတ်ပေးတားဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်ရဲ့ ဦးညိုထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “အမေရိကန်ရဲ့ အမြင့်ဆုံးသမ္မတလာမှာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပျော့ပျောင်းတယ်၊ နောက်ပြီး နိုင်ငံအတွက်ရော၊ အကျဉ်းသားတွေအတွက်ရော ကောင်းရာကောင်းကြောင်း လုပ်နေတယ်လို့ သက်သေပြချင်တဲ့သဘော ဒါပဲ ဖြစ်နိုင်ပါတယ်။” မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် ရှိတယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်က ပြောဆိုထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024