Home
ဆောင်းပါး
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် သံတိုင်နောက်က ကဗျာဆရာ
မောင်သာမည
·
June 5, 2019
“ဒီပွဲကို လူကိုယ်တိုင် မလာရောက်နိုင်တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ် - - - မင်းထင်ကိုကိုကြီး - ခေတ္တ အင်းစိန်ထောင်” ဟူသော အမှာစကား ဖတ်ကြားနေသံက ကျနော့်နားထဲမှတဆင့် ရင်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ တဆက်တည်းပင် ကျနော့်ဦးခေါင်းထဲမှာလည်း မေးခွန်းတွေ ပလုံစီလာအောင် နှိုးဆွပေးလိုက်သည်။ ယင်းအမှာစကားသည် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ကျင်းပနိုင်အောင် ကြိုးပမ်းခဲ့သူတဦး၏ “ဖြစ်သင့်ဖြစ်ထိုက်သော အမှာစကား” ဟုတ်ပါရဲ့လား။ သူက တောင်းပန်ရမှာ ဟုတ်ရဲ့လား။ တောင်းပန်ရမှာက ကျနော်တို့ မဟုတ်ဘူးလား။ မင်းထင်ကိုကိုကြီးကို ဒီပွဲမှာ လူကိုယ်တိုင် တက်ရောက်လာနိုင်အောင် ကျနော်တို့ မလုပ်ဆောင်ပေးနိုင်တဲ့အတွက် ကျနော်တို့က သူ့ကို တောင်းပန်ရမှာ မဟုတ်ဘူးလား။  ကျနော်တို့ လူ့အဖွဲ့အစည်းကို လူ့ဂုဏ်သိက္ခာ ပြည့်ဝတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေဖို့ ကဗျာစာပေနဲ့တမျိုး၊ ရုပ်ရှင်အနုပညာနဲ့တမျိုး၊ နည်းမျိုးစုံ ကြိုးပမ်းနေခဲ့တဲ့ လူတယောက်ကို လွတ်လပ်စွာ ရှင်သန်နိုင်အောင် ကျေန်ာတို့ မစွမ်းဆောင်ပေးနိုင်တဲ့အတွက် ကျနော်တို့က သူ့ကို တောင်းပန်ရမှာ မဟုတ်ဘူးလား။ မင်းထင်ကိုကိုကြီး၏ အမှာစကားကို ဖတ်ကြားပေးသူက မင်းထင်ကိုကိုကြီးတယောက် အင်းစိန်ထောင်အတွင်း ရောက်နေခြင်းသည်ပင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ၏ အခြေအနေတခုဟု ပြောသွားခဲ့သည်။ ပြည်သူကိုချစ်သော အနုပညာရှင်များအတွက် သောကခေတ်ကြီးကား မကုန်ဆုံးနိုင်သေးပါလား။

*  *  *  *  *

ကျေန်ာသည် မင်းထင်ကိုကိုကြီး ရိုက်ကူးထုတ်လုပ်ထားသည့် “လူ့အခွင့်အရေးအချက် ၃၀၊ ဇာတ်လမ်းတို ရုပ်ရှင် ၃၀၊ ပြသပွဲ အခမ်းအနားကို ရောက်နေခြင်းဖြစ်သည်။ သူ၏အနုပညာကို လေးစားမြတ်နိုးကြသည့် နိုင်ငံရေးသမားများ၊ သံတမန်များ၊ စာပေအနုပညာရှင်များ၊ ပရိသတ်များဖြင့် ပြပွဲခန်းမမှာ ပြည့်နေသည်။ သူ့အမှာစကားကို ဖတ်ကြားပြီးနောက်တွင်  ရုပ်ရှင်ဇာတ်လမ်းတိုကလေးများ ပြသရန် မီးပိတ်လိုက်သည်။ လူ့အခွင့်အရေးဆိုတာ ဘာလဲ။ လူ့ဂုဏ်သိက္ခာဆိုတာ ဘာလဲ။ ရုပ်ရှင်ဇာတ်လမ်းတိုလေးများက ကျေန်ာတို့အားလုံး ဖြတ်သန်းနေကြရသည့် သောကခေတ်ကြီးကို ဖော်ကျူးပြနေသည်။ တကယ်တော့ ကဗျာဆရာတဦးလည်းဖြစ်သော မင်းထင်ကိုကိုကြီးသည် သောကခေတ်ကြီးကို ကဗျာများဖြင့် ပြောင်မြောက်စွာ ဖော်ကျူးခဲ့ပါသည်။ သူရေးစပ်သော “ဒီမိုးက ရေစီးတယ်” ဟူသည့်ကဗျာမှာ သူ၏ အနုပညာမှတ်တိုင်တခုပင် ဖြစ်သည်။ "ဒီမိုးက ရေစီးတယ် အဖေလည်း ပါသွားပြီ ဒီမိုးက ရေစီးတယ် အဖေ့တိုက်ပုံအင်္ကျီလေးက အရင်အတိုင်း ဒီမိုးက ရေစီးတယ် လျှပ်စီးအပြက်မှာ မြင်လိုက်ရတာ အစ်ကို့လက်တဖက်လား ဒီမိုးက ရေစီးတယ် အစ်ကို့လက်ထဲမှာ ဘောပင်လေးတချောင်း ဒီမိုးက ရေစီးတယ် အစ်ကို့လက်တို့ စွန်းနေတာ မင်နီတွေလား ဒီမိုးက ရေစီးတယ် ကျည်ဆန်တွေလို ဆက်တိုက်ကျနေတဲ့ မိုးစက်တွေကြား ထီးရှာထွက်သွားတဲ့ ညီလေးရဲ့ ဖိနပ်တဖက်က ပလက်ဖောင်းပေါ် မှောက်လျက် ဒီမိုးက ရေစီးတယ် အဲဒီဘေးမှာ သူငယ်ချင်းရဲ့ ဖိနပ် ဒီမိုးက ရေစီးတယ်၊ မိုးကြိုးတခု ညီမလေးနဲ့ သူ့သူငယ်ချင်းကို တည့်တည့်မှန်တယ် ဒီမိုးက ရေစီးတယ် ညီမလေးလွယ်အိတ်ထဲက စာအုပ်တွေ မိုးရေထဲ လမ်းမပေါ် မီးထတောက်နေတုန်း ဒီမိုးက ရေစီးတယ် စိမ်းပြီးမှောင်နေတဲ့ ကောင်းကင်က ထစ်ချုန်းသံကို လန့်ပြီး သမီးလေးလည်း ငိုရဦးမယ် ဒီမိုးက ရေစီးတယ် ဒီမိုးက ရေစီးတယ် ဒီမိုးကို လက်ခုပ်နဲ့ခံပြီး ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်တော့ အမေမျက်ရည်ကျတယ်။

*  *  *  *  *

မင်းထင်ကိုကိုကြီးကို စတင်သိကျွမ်းရသည်မှာ ၂၀၀၇ ဝန်းကျင်။ ထိုအချိန်က ကျေန်ာသည် ချင်းမိုင်တွင် အလုပ်လုပ်နေပြီ။ သူက သူရိုက်ကူးထားသော Human Zoo အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို အချောသတ် တည်းဖြတ်ရန်အတွက် ချင်းမိုင်ကိုရောက်လာရင်း သိကျွမ်းခြင်းပင်။ Human Zoo မှာ တိုင်းရင်းသား လူမျိုးစုတခုကို ခရီးသွားလုပ်ငန်းအတွက် ရုံသွင်းပြသ သလိုမျိုး လုပ်ထားခြင်းအပေါ် လူသားမဆန်သော လုပ်ရပ်အဖြစ် ရိုက်ကူးပြထားသည့် မှတ်တမ်းရုပ်ရှင်ဖြစ်သည်။ ထိုမှတ်တမ်းရုပ်ရှင်ကို ကြည့်ရစဉ်ကတည်းက မင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာအပေါ် လေးနက်သူတဦးအဖြစ် သိမှတ်ထားခဲ့သည်။ Human Zoo မှတ်တမ်းရုပ်ရှင်ကို ရိုက်ပြီးသည့်နောက်တွင် “အင်းသီး” ဟူသော မှတ်တမ်းရုပ်ရှင်တခုကို ရိုက်ခဲ့သေးသည်။ အင်းလေးဒေသ စိုက်ပျိုးရေးနှင့်စပ်သော မှတ်တမ်းရုပ်ရှင်။ ယင်းရုပ်ရှင်မှာလည်း မင်းထင်ကိုကိုကြီး၏ မှတ်တိုင်တခုပင်။ ထို့နောက် ရုပ်ရှင်ကားများ ရိုက်ကူးထုတ်လုပ်နေသည်ဟု ကြားရပြန်သည်။ အိပ်မက်အလွန်၊ အမျှင်၊ နောက်ဆုံးကဗျာ။ ထိုရုပ်ရှင်ကားများကို လူကြုံနှင့် ပို့ပေးသည်။ ယင်းဇာတ်ကားများကို ကြည့်ပြီး သူ၏ အနုပညာဖန်တီးမှုများအပေါ် အံ့သြခဲ့ရသည်။ ထိုကာလက သူ့ရုပ်ရှင်များမှာ သမားရိုးကျ ကားများထဲမှ ထိုးထွက်လာသော ကားများအဖြစ် ရုပ်ရှင်ချစ်သူတို့က အကဲဖြတ်ကြသည်။ စွယ်စုံအနုပညာရှင်ကြီး ဦးဝင်းဖေက သူ့ရုပ်ရှင်ကားများကို ချီးမွမ်းပြောဆိုသံကြားရတော့ ဝမ်းသာဂုဏ်ယူရသည်။ ၂၀၁၃ ခုနှစ်တွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို သူဦးဆောင်ပြီး ကျင်းပသည့်အခါ သူနဲ့ထိုက်တန်သော အလုပ်ပဲဟု မုဒိတာပွားမိသည်။ ပွဲတော်ကျင်းပပြီး မကြာခင် ချင်းမိုင်သို့ ရောက်လာသည်။ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် တွေ့ကြုံရသော အခက်အခဲများကို သူပြောပြတော့ ရင်မောရသည်။ မည်သို့ဖြစ်စေ ယင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး ဆုများပေးခဲ့သည့်အတွက် ခမ်းနားသော ပွဲတော်တခု ဖြစ်ခဲ့ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကိုပါ ရရှိခဲ့သည်။ (ထိုပွဲတော်တွင် ကျေန်ာနှင့် ရင်းနှီးသော မိတ်ဆွေနှစ်ဦးက ဆုရရှိခဲ့သည့်အတွက်လည်း ဝမ်းသာဂုဏ်ယူခဲ့ရသည်။) မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ချင်သည့် စိတ်ဆန္ဒကို အနုပညာဖြင့် ထုတ်ဖော်ပြသသည့်ပွဲဟု သိမှတ်ကြသည်။ ယင်းပွဲကို နိုင်ငံတဝန်း လှည့်လည်ပြသခဲ့ရာ ပြည်သူများကလည်း တခဲနက် အားပေးခဲ့သည်။ နောက်တော့ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ကျင်းပသည်။ ၂၀၁၇ ခုနှစ်အထိ ငါးကြိမ်ပြသခဲ့သည်။ ထူးခြားသော နိုင်ငံတကာ ရုပ်ရှင်များနှင့်အတူ မြန်မာလူငယ်များ လက်စွမ်းပြထားသည့် ရုပ်ရှင်များကို ယင်းပွဲတော်တွင် ပြသနိုင်ခဲ့သည်။ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ၌သာ ယင်းကဲ့သို့သော လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မျိုးကို ကျင်းပနိုင်ခြင်းဖြစ်သည်ဟု သိရသည်။ မင်းထင်ကိုကိုကြီးသည် ယင်းရုပ်ရှင်ပွဲတော် တခုတည်းနှင့်ပင် “ပြည်သူ့အနုပညာရှင်” တယောက် ဖြစ်ခဲ့ပြီ။ လူ့အဖွဲ့အစည်းက တန်ဖိုးထားအပ်သည့် အနုပညာရှင်တယောက် ဖြစ်ခဲ့ပြီ။ ခေတ်တာဝန်ကို ထမ်းပိုးပြီး ခေတ်လမ်းကို မညည်းမညူ လျှောက်ခဲ့သော အနုပညာရှင်တဦးအဖြစ် မော်ကွန်းဝင်ခဲ့ပြီ။

*  *  *  *  *

ကျနော်သည် လူ့အခွင့်အရေး ကြေညာစာတန်းပါ အချက်သုံးဆယ်ကို ရုပ်ရှင်ဖြင့် ဖော်ကျူးထားသည့် မင်းထင်ကိုကိုကြီး၏ လက်ရာများကို ကြည့်ရင်း စိတ်က ရုပ်ရှင်ထဲရောက်လိုက်၊ မင်းထင်ကိုကိုကြီးအကြောင်း သတိရလိုက် ဖြစ်နေသည်။ ထို့နောက် ကျနော်တို့ ဖြတ်သန်းနေရဆဲဖြစ်သော သောကခေတ်ကြီးအကြောင်း စဉ်းစားရင်း သူ့ကဗျာတပိုဒ်က ခေါင်းထဲ ဝင်လာပြန်သည်။ “ဒီမိုးက ရေစီးတယ် ဒီမိုးကို လက်ခုပ်နဲ့ခံပြီး ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်တော့ အမေ မျက်ရည်ကျတယ်” (၂၀၁၉ ဇွန်လ ၄ ရက်နေ့က ဆူးလေ ရှန်ဂရီလာတွင် ကျင်းပခဲ့သော မင်းထင်ကိုကိုကြီး၏ လူ့အခွင့်အရေး အချက် ၃၀၊ ဇာတ်လမ်းတိုရုပ်ရှင် ၃၀ ပြပွဲ အမှတ်တရ) မောင်သာမည
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024