Email This Story :
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်တို့ ဇွန်လ ၃ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အပြန်အလှန် ဂုဏ်ပြုခဲ့ပါတယ်။
သမ္မတ ထရမ့်က “ကြီးမြတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ကျေန်ာတို့နိုင်ငံတွေကြား ဆက်ဆံရေးက အမြဲတမ်း တံဆိပ်ခတ်ပြီးသားပါ” လို့ ဘက်ကင်ဟမ်နန်းတော် ညစာစားပွဲမှာ ပြောပါတယ်။
နန်းတော်အပြင်မှာတော့ ဆန္ဒပြလူအုပ်ကြီး စုဝေးပြီး ထရမ့်ကို ဆန္ဒပြခဲ့ကြပါတယ်။
ဆိုင်းဘုတ်တွေကိုင်၊ ကြွေးကြော်သံတွေ ဟစ်ကြွေးနေတဲ့ ဆန္ဒပြသူတွေက သူတို့အသံကို ထရမ့်ကြားမယ်လို့ မျှော်လင့်နေကြတာပါ။
ထရမ့်ဟာ အမုန်းတရား မူဝါဒတွေ၊ ခွဲခြားရေးမူဝါဒတွေကို အဆိုပြုတယ်၊ သူဟာ ပုံမှန်လူ ပုံမှန်သမ္မတ တယောက် မဟုတ်ဘူး၊ လူမျိုးရေးခွဲခြားသူ ဖြစ်တယ်၊ မိန်းမမုန်းတီးရေးဝါဒီ သမ္မတ တယောက်လည်း ဖြစ်တယ်၊ သူအဆိုပြုတဲ့ မူဝါဒတွေကို ဆန့်ကျင် ဆန္ဒပြနေတာလို့ ဆီးရီးယား ဒုက္ခသည် ဆန္ဒပြသူတယောက်က ပြောပါတယ်။
ဗြိတိန်က ဥရောပသမဂ္ဂကနေ ခွဲထွက်မယ့် ဘရက်ဇစ်အရေးနဲ့ တရုတ်နိုင်ငံ အရေးတွေမှာ ဗြိတိန်နဲ့ အမေရိကန်တို့ သဘောထား ကွဲလွဲအပြီး ဆက်ဆံရေး ပိုတိုးမြှင့်ဖို့ ထရမ့်ဟာ ဗြိတိန်ကို ၃ ရက် အလည်အပတ်ခရီးနဲ့ ရောက်လာခဲ့တာပါ။
ဘရက်ဇစ်နဲ့ပတ်သက်တဲ့ ဗြိတိန်နိုင်ငံရေး အကျပ်အတည်းကို ထရမ့်က စွက်ဖက်တာတွေက ခရီးစဉ်အပေါ် အရိပ်မိုးနေမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ဗြိတိန်က ဥရောပသမဂ္ဂကနေ ခွဲထွက်ပြီးရင် အမေရိကန်နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ပြန်ခိုင်မြဲဖို့အပြင် အထူးဆက်ဆံရေးကို ဆက်ထားဖို့ အခွင့်အရေးအဖြစ် ရှုမြင်ကြပါတယ်။