ဟိမဝန္တာ တောင်တန်းဒေသ တောင်တလုံးပေါ်တွင် အလောင်း ၅ လောင်း တွေ့

အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်တန်းဒေသက  တောင်တလုံးပေါ်မှာ အလောင်းငါးလောင်းကို ဇွန်လ ၃ ရက်နေ့က တွေ့ခဲ့တယ်လို့ အစိုးရအရာရှိတယောက်က ပြောပါတယ်။ အရင်အပတ်က နှင်းထုပြိုကျအပြီး ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၈ ဦးကို ကောင်းကင်ကနေ ရှာနေတုန်း ခုလိုတွေ့ခဲ့တာပါ။ အိန္ဒိယရဲ့ ဒုတိယအမြင့်ဆုံး တောင်ဖြစ်တဲ့ နန်ဒါဒေဗီ တောင်နားက တောင်ခြေစခန်းကို ပြန်ရောက်မလာခဲ့လို့ ဗြိတိန်တောင်တက်သမား လေးယောက်၊ အမေရိကန် တောင်တက်သမား နှစ်ယောက်၊ သြစတြေးလျနဲ့ အိန္ဒိယ တောင်တက်သမား တယောက်စီ ပျောက်နေတယ်လို့ သူတို့ရဲ့ တောင်တက်ဖော်တွေက မေလ ၃၁ ရက်မှာ ပြောပါတယ်။ သူတို့ပျောက်သွားတဲ့ နေရာတလွှားမှာ လေတပ်စစ်ရဟတ်ယာဉ်နဲ့ ရှာနေတုန်း အလောင်းငါးလောင်းကို တွေ့ခဲ့တာလို့ ပီသိုရာဂါခရိုင် ထိပ်တန်းအစိုးရ အရာရှိက ပြောပါတယ်။ တောင်တက်သမား ၈ ယောက်စလုံး သေပြီလို့ ယုံကြည်ထားကြပြီး ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လုပ်နေတာပါ။ အလောင်းတွေဟာ အမြင့်မီတာငါးထောင် အထက်မှာ ရှိနေပြီး နောက်တချီ နှင်းထုပြိုကျနိုင်တဲ့ အခြေအနေကြောင့် သူတို့ရှိတဲ့နေရာကို သွားဖို့ ခက်ခဲနေတယ်လို့ အရာရှိက ဆက်ပြောပါတယ်။ သူတို့အုပ်စုထဲက တောင်တက်သမား လေးယောက် တောင်ခြေစခန်းကို ပြန်လာပြီး တောင်တက်ဖော်တွေ ပျောက်ဆုံးကြောင်း တပ်လှန့်အပြီးမှာ သူတို့ကို တောင်ခြေစခန်းကနေ ရဟတ်ယာဉ်နဲ့ ကယ်ထုတ်ခဲ့ရပါတယ်။ အမြင့်ပေ ၂ သောင်း ၅ ထောင် ၆ ရာကျော်မြင့်တဲ့ နန်ဒါဒေဗီတောင်နဲ့ ညီအမတောင်တွေဖြစ်တဲ့ အရှေ့နန်ဒါဒေဗီတောင်တွေဟာ ကမ္ဘာ့စိန်ခေါ်မှုအများဆုံး တောင်တွေစာရင်းထဲမှာ ပါပြီး လူနည်းနည်းသာ အဲဒီတောင်တွေပေါ် တက်နိုင်ခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up