ရွှေတိဂုံဘုရားပေါ် ဝတ်စားဆင်ယင်မှု စည်းကမ်းတင်းကျပ်သည့်ကိစ္စ နားလည်ပေးရန် ဂေါပကပြော
သူဇာလင်း
·
June 4, 2019
ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်တဲ့ ဘုရားဖူးပြည်သူတွေရဲ့ အမြင်မတော်တဲ့ ဝတ်စား ဆင်ယင်လာတာကို တားဆီးတဲ့အခါမှာ နားလည်ပေးဖို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးက မေတ္တာရပ်ခံထားပါတယ်။
ဂေါပကအဖွဲ့အနေနဲ့က မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ဘုရားလာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူတွေရဲ့ ဝတ်စားဆင်ယင်မှုကို စည်းကမ်းတင်းကျပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စကပ်အတို၊ ဘောင်းဘီအတို၊ အင်္ကျီလည်ဟိုက်နဲ့ အသားကပ်ဘောင်းဘီ စတဲ့ အမြင်မတော်တဲ့ ဝတ်စားဆင်မှုတွေ မလုပ်ဖို့ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခုလို အမြင်မတင့်တယ်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်လာမယ်ဆိုရင်တော့ ဘုရားကပေးတဲ့ ပတ်ထမီကို စပေါ်ငွေ ကျပ် ၃၀၀၀ ပေးကာ ဝတ်ဆင်လာတဲ့ ဝတ်အဝတ်အစား အပေါ် ထပ်ပြီးဝတ်ဆင်ရမှာဖြစ်ပါတယ်။
ပေးထားတဲ့ စပေါ်ငွေကိုတော့ ဘုရားပေါ်က ပြန်ဆင်းတဲ့ အချိန်မှာ ပေးဝတ်ထားတဲ့ ထမီနဲ့ ပြန်လည်လဲလှယ်ပြီး ငွေကျပ် ၃၀၀၀ ကို ပြန်လည် ထုတ်ယူရမှာ ဖြစ်ပါတယ်။
ရွှေတိဂုံဘုရားကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူတွေရဲ့ ဝတ်စားဆင်ယင်တဲ့ပုံစံမှာ အရင်ကတည်းက တားမြစ်ထားပေမယ့်လည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့ယဉ်ကျေးမှု နဲ့ ကိုက်ညီအောင် ထပ်မံတားမြစ်ရတာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးက ပြောပါတယ်။