တီယန်နန်မင်ရင်ပြင် အရေးအခင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့တွင် လုံခြုံရေးတင်းကျပ်

တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းက တီယန်နန်မင်ရင်ပြင် ပတ်ဝန်းကျင်မှာ ဇွန် ၄ ရက် မနက်က လုံခြုံရေး တင်းကျပ်ထားပါတယ်။ တီယန်နန်မင်ရင်ပြင်မှာ စခန်းချနေတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲကို အဆုံးသတ်ရေး တရုတ်စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှု နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ရင်ပြင်ဝန်းကျင်မှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီး ရာနဲ့ချီတဲ့ လူတွေကတော့ လုံခြုံရေး တင်းကျပ်နေတဲ့ကြားက တရုတ်အမျိုးသားအလံ လွှင့်ထူတာကို တန်းစီ ကြည့်ရှုခဲ့ပါတယ်။ ရဲကားတွေ စစ်ကားတွေ အများအပြားကို ရင်ပြင်ပတ်လည်မှာ မြင်ရပါတယ်။ တရုတ်ပြည်မကြီးအတွင်း တီယန်နန်မင်ဖြိုခွင်းမှု အထိမ်းအမှတ်ပွဲတွေ ကျင်းပတာကို တရုတ်အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားပါတယ်။ သေဆုံးသူ အရေအတွက်ကိုလည်း ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ပါဘူး။ လူ့အခွင့်အရေး အုပ်စုတွေနဲ့ မျက်မြင်သက်သေတွေကတော့ လူထောင်ချီ သေဆုံးတယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်ပြည်မကြီးရဲ့ အပြင်ဘက်က ဟောင်ကောင်နဲ့ ထိုင်ဝမ်ကျွန်းတွေပေါ်မှာတော့ ဇွန် ၄ ရက် နှောင်းပိုင်းမှာ ဖယောင်းတိုင် ထွန်းညှိဆုတောင်းပွဲနဲ့အတူ နှစ်ပတ်လည်ပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ တီယန်နန်မင် နှိမ်နင်းမှုဟာ တရုတ်နဲ့ အနောက်နိုင်ငံတွေကြား အချေအတင် ငြင်းခုန်ရတဲ့ ကိစ္စပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက တရုတ်အစိုးရအနေနဲ့ နှစ် ၃၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အတွင်း တရုတ်နိုင်ငံထဲမှာ လူ့အခွင့်အရေး အလွဲသုံးစားမှု တိုက်ဖျက်ရေးအတွက် ထောင်ကျနေတဲ့ ထောင်သားအားလုံးကို ပြန်လွှတ်ပေးဖို့ ဇွန်လ ၃ ရက်က တောင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up