Live
Home
မြန်မာသတင်း
လက်နက်ကြီးကျည်ကို ထုကြည့်ရာက ပေါက်ကွဲပြီး ရွာသား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
DVB
·
June 4, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာက ​ဒေသခံကျေးရွာသား ၄ ဦး ဟင်းရှာပြန်အလာ လက်နက်ကြီးကျည်တွေတဲ့အတွက် ထုကြည့်ရာက ပေါက်ကွဲလို့ အမျိုးသား ၁ဦး သေဆုံးပြီး အမျိုးသမီး ၃ ဦး ပြင်းထန်ဒဏ်ရာခဲ့တယ်လို့ ညောင်ပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး က ဒီဗွီဘီကို ပြောပါတယ်။ ဇွန်လ ၃ ရက် ညနေ ၄ နာရီလောက်က ညောင်ပင်လှကျေးရွာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ တို့ဟာ ကျေးရွာနဲ့ တမိုင်ခန့်ကွာဝေးတဲ့ တောတောင်တွေ သွားရောက်​ပြီး ဟင်းရှာ၊ မျစ်ခူးအပြီး ပြန်အလာမှာ တောင်ရဲ့ မြေပြန့်တ​နေရာမှာ နားနေရင်း အမျိုးသားဖြစ်သူက လက်နက်ကြီးကျည်​တွေ့လို့ ထုကြည်ရာက ပေါက်ကွဲခဲ့တာပါ။ ဒီပေါက်ကွဲမှုကြောင့် အနီးနားမှာထိုင်နေတဲ့ အတူပါလာတဲ့ အမျိုးသမီး ၃ ဦး ကျည်စတွေထိမှန်ခဲ့သလို လက်နက်ကြီးကျည်ထုတဲ့ အမျိုးသားကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “သူတို့လေးဦးက တောင်မှာ ဟင်းရှာမျစ်တွေ ခူးဖို့သွားတယ်။ အပြန်အလာမှာ တောင်ရဲ့ မြေပြန်မှာခဏနားတော့ အဲ့ဒီမှာ လက်နက်ကျည်တွေ့တယ်။ အဲ့ဒါကို အမျိုးသားက အဲ့ဒီ လက်နက်ကြီးကျည်ကို ယူပြီးဓားနဲ့ ကျည်ကို ခေါက်ကြည်တယ်လို့ပြောတယ်။ ပြီးတော့ခြစ်တယ်လို့ ပြောတယ်။ အဲ့ဒီမှာ ထပြီးပေါက်ကွဲတာ။ ခေါက်ကြည့်တဲ့ အမျိုးသားကနေရာမှာပဲ ဆုံးတယ်။ နောက်အမျိုး သမီးသုံးဦးကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးတွေကိုတော့ မနေ့ညပိုင်းက မြောက်ဦးဆေးရုံ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီအထဲမှာ သေဆုံးသွားသူရဲ့ ဇနီးဒေါ်စိန်သန်းနုကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာ လက်နက်ကျည်တွေ ထိမှန်ခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ညောင်ပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကျော်လှက “ဒီလိုလက်နက်ကျည်တွေ ထုကြည့်တာတွေကြောင့် သေဆုံးတာတွေမကြာ ခဏဆိုသလိုတွေ့ရတယ်။ ရသေ့တောင် ဖက်တွေမှာ၊ ပုဏ္ဏားကျွန်းဖက်တွေမှာ၊ ဒါတွေကိုဘယ်လိုရှောင်ရမယ်။ လက်နက်ကျည်တွေ့ရင် မကိုင်ဖို့၊ တုပ်ချောင်းနဲ့ ပေါက်တာတွေ၊ မီးရှို့တာတွေမလုပ်ဖို့၊ အမှတ်အသားတခုခုပြုလုပ်ပြီးတော့ အမြန်ဆုံးသက်ဆိုင်ရာကို အကြောင်းကြားဖို့ ရွာမှာပညာပေးဟောပြောတာတွေရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့်တော့ မဟုတ်ဘူး။ နီးစပ်ရာကျေးရွာလောက်ကို ဟောပြောတာတွေ ရှိတယ်” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ဧပြီလက တပ်မတော်စစ်ကြောင်းတွေ  ညောင်ပင်လှကျေးရွာအနီး တောင်နားတဝိုက်မှာ စခန်းချနေထိုင်ခဲ့သလို ရွာအနီးတဝိုက် လှည့်လည်တာတွေ ရှိခဲ့တယ်လို့ ညောင်ပင်လှကျေးရွာသားတွေက ပြောပါတယ်။ ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024