အာဖဂန်တွင် အစိုးရဝန်ထမ်းများ တင်ဆောင်လာသည့် ဘတ်စ်ကား ဗုံးခွဲတိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ဇွန်လ ၃ ရက်နေ့က အစိုးရဝန်ထမ်းတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး ဗုံးခွဲတိုက်ခိုက်ခံရလို့ ၅ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရသွားပါတယ်။ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အစ်ပွဲတော်မတိုင်မီ ကဘူးလ်မြို့မှာ လုံခြုံရေး တင်းကျပ်နေတဲ့ ကြားက ဒီပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဘတ်စ်ကားပေါက်ကွဲချိန် ကားပေါ်မှာ လွတ်လပ်တဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနဲ့ အစိုးရအမှုထမ်းကော်မရှင် ဝန်ထမ်းတွေကို တင်ဆောင်လာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူ ပြောကြားတာ မရှိသေးပါဘူး။ ဇွန်လ ၂ ရက်နေ့ကလည်း ကဘူးလ်မြို့မှာ တက္ကသိုလ်ကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၂၄ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုကိုတော့ အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်ဆိုပြီး ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up