လစ်ဗျားကမ်းရိုးတန်းတွင် လှေတစီးနစ်မြုပ်၊ အနည်းဆုံး ၂ ဦးသေ၊ ၂၅ ဦးပျောက်ဆုံး

လစ်ဗျားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှာ လေမှုတ်လှေတစီး နစ်မြုပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံးနှစ်ယောက် သေဆုံးကာ ၂၅ ယောက် ပျောက်နေတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ဇွန်လ ၂ ရက်မှာ ပြောပါတယ်။ မြို့တော် ထရီပိုလီရဲ့ အရှေ့ဘက် ကာရာဘူလီမြို့ ကမ်းခြေနဲ့ ၁၄ မိုင်အကွာမှာ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၇၃ ယောက်ကို ကမ်းရိုးတန်းစောင့်တပ်က ကယ်ခဲ့ရတာပါ။ ဆူဒန်၊ ကင်ညာ၊ အိုင်ဗရီကို့စ်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေက အမျိုးသား ၄၀၊ အမျိုးသမီး ၂၅ ယောက်နဲ့ ကလေး ၈ ယောက်ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။ ၂၀၁၁ လစ်ဗျားအာဏာရှင် မွမ်မာ ကဒါဖီကို ဖယ်ရှားအပြီး နိုင်ငံအတွင်း ပရမ်းပတာ အခြေအနေကို လူကုန်ကူးသူတွေက အခွင့်ကောင်းယူနေလို့ လစ်ဗျားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေ ဥရောပကို ထွက်ခွာရာနေရာ ဖြစ်လာနေပါတယ်။

More News
Up