မင်းပြား ဘုန်းကြီးကျောင်းရှေ့ လက်နက်ကြီးကျ၍ ၄ ဦးသေ၊ ၆ ဦးဒဏ်ရာရ
DVB
·
June 3, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့မှာ ဒီကနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်က လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုးန်တော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ကျေးရွာသား ၄ ဦးသေဆုံး၊ ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ စပါးထားကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။
“ပထမတလုံးက လက်နက်ကြီးကျည်က မြောင်းဘွေဘက်က ပစ်တယ်လို့ ခန့်မှန်းပါတယ်။ အဲ့ဒီအလုံးက ဘုန်းတော်ကြီးကျောင်းကိုကျတယ်။ အဲ့ဒီမှာ ကျနော်တို့ သွားကြည့်တဲ့အချိန် လေးယောက်သေဆုံးနေပြီး၊ သေဆုံးတဲ့အထဲမှာ ယောက်ျား ၃ယောက်ရယ်။ မိန်းမ ၁ယောက် သေတယ်။ နောက် ၆ ယောက် ဒဏ်ရာရတယ်။ အဲ့ဒီမှာ ကိုယ်ရင်တပါး ဒဏ်ရာရတယ်ရှိတယ်။”
တပ်မတော်နဲ့ အေအေတပ်တို့ မနေ့ကတည်းက တိုက်ပွဲတွေကြောင့် စပါးစထားကျေးရွာရဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကျေးရွာသားတွေက ၈၀ ကျော် လာရောက်ခိုလှုံနေကြတာဖြစ်ပြီး ဒီကနေ့ နေ့လယ်ပိုင်းက ဘုန်းကြီးတော်ကျောင်းရှေ့မှာ ထိုင်နေကြစဉ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းအချိန်အထိ ကျေးရွာအနားတွေကို လက်နက်ကြီးကျည်တွေ ကျရောက် နေသလို ပစ်ခတ်တာတွေလည်း ဆက်တိုက်ဖြစ်နေတယ်လို့ စပါးထားကျေးရွာသားတွေက ပြောပါတယ်။
မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအနီးမှာ ရွှေတမာကျေးရွာ-စပါးထား၊ အောင်ဒိုင်ကျေးရွာနဲ့ မြောင်းဘွေးကျေးအနားတွေမှာ ဇွန် ၂ ရက် မနက်ပိုင်းစလို့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်နေလို့ အနီးအနား ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ဝဏ္ဏခွာညို