Home
မြန်မာသတင်း
အမေရိကန်သမ္မတ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောဖွယ်ရှိ
DVB
·
November 14, 2012
နိုဝင်ဘာ ၁၉ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အမေရိကန်သမ္မတ ဘာရက်အိုးဘားမားဟာ အရှေ့တောင်အာရှရဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကို သွားရောက်မှာဖြစ်ပြီး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့လွန်ကျောင်းသားတွေနဲ့ ပါရဂူဘွဲ့ရ ကျောင်းသားတွေကို မိန့်ခွန်းပြောဖွယ်ရှိတယ်လို့ တက္ကသိုလ်ဆရာတဦးက ဒီဗွီဘီကို ပြောပါတယ်။ အမေရိကန်သမ္မတ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ တွေ့ဆုံဖို့ရှိတဲ့အတွက် အရင်စီစဉ်ထားတဲ့ နိုဝင်ဘာ ၁၉ ရက်မှာ ကျင်းပမယ့် ရန်ကုန်တက္ကသိုလ် ၁၂၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းကျင်ကို အမေရိကန်သံရုံးက လုံခြုံရေး လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဆရာတဦးက အခုလို ပြောပါတယ်။ “ပြင်တော့ ပြင်ဆင်နေတယ်။ အဓိက သူတို့ လုံခြုံရေးတွေ လုပ်နေတယ်။ အမေရိကန်သံရုံးက လူတွေလာပြီးတော့ လုံခြုံရေးအတွက် လုပ်နေကြတယ်။ ပညာရေးဌာနကို လာဖို့အတွက် မြက်ရှင်းတာတွေ အကုန်လုံး လုပ်နေကြတယ်။” သမ္မတ အိုးဘားမားဟာ ရန်ကုန်တက္ကသိုလ်က အငြိမ်းစားပါမောက္ခတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တက္တသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက တက္ကသိုလ် ဆရာ ဆရာမတွေနဲ့တွေ့ဆုံပြီး လုံခြုံရေးရှိဖို့ ဒီနေ့ မှာကြားတယ်လို့ အဲဒီဆရာကပဲ ပြောပါတယ်။ “အရိပ်အမြွက်လောက်ပဲပြောတယ်။ မနက်ဖြန်ကစပြီး ကျနော်တို့ကို ကျောင်းဝင်းထဲမှာ ကတ်ပြားတွေ ချိတ်ဖို့၊ ကျောင်းတွင်းမှာ သန့်ရှင်းရေးတွေ လုပ်ထားဖို့၊ အဓိကတော့ လုံခြုံရေးအပိုင်းပေါ့။ ဧည့်သည်လာရင်လည်း ဧည့်ဝင်ဧည့်ထွက်လုပ်ဖို့ အဲဒါတွေ မှာကြားတယ်။” ရန်ကုန် အမေရိကန်သံရုံးကတော့ သမ္မတ အိုးဘားမား ရန်ကုန်တက္ကသိုလ်ကို သွားရောက်တာနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောကြားတာတော့ မရှိသေးပါဘူး။ အမေရိကန်သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၇ ရက်ကနေ ၁၉ ရက်နေ့ထိ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာ ၃ နိုင်ငံခရီးစဉ်လာဖို့ရှိပြီး မြန်မာပြည်ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024