အူဘာယာဉ်မောင်း၏ အကူအညီဖြင့် တက္ကစီပေါ်တွင် ကလေးမွေးသည့် အမျိုးသမီး

ဓာတ်ပုံ - skynews
1.6K
“ကျမကို ကလေးမွေးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်” ဆိုတဲ့ ခရီးသည်တွေရဲ့ feedback တမျိုးကို အူဘာတက္ကစီကားတွေမှာ ထည့်သွင်းသင့်ကြောင်း သက်သေပြခဲ့တဲ့ ဖြစ်ရပ်တခု မကြာသေးခင်က အင်္ဂလန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
ကရူနယ်ရူကလာလို့ခေါ်တဲ့ အူဘာတက္ကစီယာဉ်မောင်းတဦးဟာ မကြာသေးခင်က နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ သူ့မိသားစုကို လန်ဒန်အရှေ့ပိုင်းကနေ စိန့်သောမတ်ဆေးရုံကို လိုက်ပို့ဖို့ တင်ဆောင်လာခဲ့ပါတယ်။
ဒါပေမယ့် ကားထွက်ပြီး မိနစ်ပိုင်းအကြာမှာပဲ အမျိုးသမီးဟာ ကားပေါ်မှာတင် မီးဖွားခဲ့ပါတယ်။
ကလေးမိခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် လူဂူတီရတ်က “ကျမ ဗိုက်နာလာတယ်ဆိုတော့ ဒရိုင်ဘာက လူနာတင်ယာဉ်ခေါ်ပေးဖို့ ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမယ့် ကျမဗိုက်ထဲက ကလေးကတော့ ဒါကို မစောင့်နိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။
လူနာတင်ယာဉ် ရောက်လာတဲ့အချိန်မှာတော့ ကလေးလေးဟာ လူ့လောကကို ရောက်ရှိနေပြီ ဖြစ်ပြီး သတ်မှတ်ချိန်ထက် တပတ်လောက် စောမွေးခဲ့တာပါ။
လူဂူတီရတ်က “ကားဒရိုင်ဘာကြီးက ကျမတို့အတွက် အရမ်းအထောက်အကူဖြစ်ခဲ့ပြီး သူ့ကြောင့် အရာရာ အဆင်ပြေခဲ့တာပါ” လို့ ပြောပါတယ်။
အူဘာယာဉ်မောင်း ကရူနယ် ရူကလာကတော့ “ဒီအမျိုးသမီး ကားပေါ်မှာ မွေးမယ်မှန်းသိရင် လူနာတင်ယာဉ်တစီး ခေါ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
အခုအချိန်မှာတော့ လူဂူတီရတ်တို့ မိသားစုဟာ ကလေးလေးကို ဘာနာမည်ပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သိရပြီး သူမရဲ့ မွေးချင်းတဦးကတော့ ဒီကလေးငယ်လေးဟာ အူဘာတက္ကစီပေါ်မှာ မွေးခဲ့တာကြောင့် သူ့နာမည်ကို အူဘာလို့ ပေးသင့်ကြောင်း အကြံပြုထားပါတယ်။