မော်ရင်ဟို ပေါ်တူဂီတွင် နည်းပြလုပ်မည့်သတင်းများ ထွက်ပေါ်

မန်ချက်စတာယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက နည်းပြလောကထဲ ပြန်မဝင်သေးတဲ့ ဂျိုဆေးမော်ရင်ဟိုကတော့ ပေါ်တူဂီလက်ရွေးစင်အသင်း မဟုတ်ရင်တောင် ပေါ်တူဂီကလပ်တခုခုကို နည်းပြတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မော်ရင်ဟိုဟာ ဥရောပကလပ်အသင်းကြီးတွေ အတော်များများနဲ့ အောင်မြင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ၂၀၁၈ ခုနှစ်က ပရီးမီးယားလိဂ်ဒုတိယနဲ့ ယူရိုပါလိဂ်ရရှိခဲ့တာဟာ အအောင်မြင်ဆုံး စွမ်းဆောင်မှု ဖြစ်ခဲ့ပါတယ်။ အခုနှစ်ရာသီအစမှာ အသင်းကို ရလဒ်ကောင်းရရှိအောင် မစွမ်းဆောင်နိုင်ခဲ့လို့ ထုတ်ပယ်ခံခဲ့ရပြီးတော့ လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေတာပါ။ မော်ရင်ဟိုနဲ့ တွေ့ဆုံမေးမြန်းချိန်မှာတော့ သူဟာ ရည်မှန်းချက်မရှိတဲ့ အချိန်ဆိုတာ မရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ အနာဂတ်အတွက် ပြင်ဆင်ထားပြီး နည်းစနစ်ပိုင်းဆိုင်ရာတွေနဲ့ အလုပ်နဲ့ပတ်သက်ပြီး ရှုထောင့်အသစ်တွေကို လေ့လာနေခဲ့တယ်လို့လည်း ဆိုပါတယ်။ မော်ရင်ဟိုဟာ တချိန်က ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အင်တာမီလန်အသင်းကို ပြန်သွားဖို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ စီးရီးအေ ကလပ်ဟာ ကွန်တီကို နည်းပြခန့်အပ်ခဲ့တာကြောင့် ကောလာဟလတွေ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မော်ရင်ဟိုဟာ ကလပ်အသင်းထက် နိုင်ငံအသင်းကို နည်းပြလိုတယ်လို့ ပြောကြားထားတာကြောင့် ကလပ်ဖလားတွေအပြင် ဥရောပဖလားနဲ့ ကမ္ဘာ့ဖလားကို ပါပစ်မှတ်ထားလာတဲ့ အခြေအနေဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up