Home
မြန်မာသတင်း
ဘဏ်မန်နေဂျာအဖြစ် အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်သူကို ဖမ်းမိ
DVB
·
June 2, 2019
ဘဏ်မန်နေဂျာတဦးအဖြစ် အယောင်ဆောင်ကာ ငွေကြေးလိမ်လည်သူတဦးကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်နေ AYA ဘဏ်လီမိတက်ရုံးချုပ်ရုံးရဲ့ အထွေထွေမန်နေဂျာ ဦးသန်းဇော်စိုးဟာ ဧရာဝတီဘဏ်လီမီတက်လူမှုကွန်ရက် Facebook စာမျက်နှာမှာ ၂၀၁၄ ခုနှစ်ကစတင်ပြီး ၀န်ထမ်းအလိုရှိသည်ဟု ရေးသားတင်ထားသည့် အကြောင်းအရာကို အသုံးပြုပြီး မြတ်မင်းကိုကိုဆိုသူက ငွေကြေးလိမ်လည်ခဲ့တာပါ။ မရမ်းကုန်းမြို့နယ်၊ ၁၂ ရပ်ကွက်နေ မြတ်မင်းကိုကို (၁၇) နှစ်ဟာ သူရဲ့ LinpaingKhet Account အမည်နဲ့ ဧရာဝတီဘဏ်လီမီတက်လူမှုကွန်ရက် Facebook စာမျက်နှာ အကောင့်အား အသုံးပြုပြီး ဧရာဝတီဘဏ်လီမိတက်ရုံးချုပ်က မန်နေဂျာတဦးဖြစ်ကြောင်း၊ အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုပြီး လူတဦးကို ငွေကျပ် ၂ သိန်းကနေ ၆ သိန်းအထိလိမ်လည်ရယူနေကြောင်း သတင်းအရ ဦးသန်းဇော်နဲ့အတူ ရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ မြတ်မင်းကိုကိုဟာ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ လမ်းပေါ်ရှိ ဧရာဝတီဘဏ် လီမီတက် (ရုံးချုပ်) ဥပစာပြင်ပမှာလည်း အပြင်ဝတ်စုံနဲ့ သွားလာလိမ်လည် ဆောင်ရွက်နေတာကို သိရှိရလို့ မေလ ၃၁ ရက်နေ့က မဟာဗန္ဓုလပန်းခြံအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြတ်မင်းကိုကိုအား ကျောက်တံတားမြို့မရဲစခန်းက (ပ)၃၂၂/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024