ဟွန်ဒူးရပ်စ် ဆန္ဒပြသူများ အမေရိကန်သံရုံးကို မီးရှို့

1.7K
ဟွန်ဒူးရပ်စ်နိုင်ငံ မြို့တော် တယ်ဂူစီဂယ်ပါမှာ မေလ ၃၁ ရက်နေ့က ဆန္ဒပြသူတွေဟာ အမေရိကန်သံရုံးကို မီးရှို့ခဲ့ပါတယ်။
သောင်းနဲ့ချီတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံသားတွေဟာ သမ္မတ ရာထူးက နုတ်ထွက်ရေး ချီတက်ဆန္ဒပြီးနောက်မှာ အမေရိကန် သံရုံးကို မီးရှို့ခဲ့တာပါ။
ဆန္ဒပြသူတွေက သံရုံးဝင်ပေါက်ရှေ့မှာ တာယာခွေတွေ စုပုံမီးရှို့ခဲ့ပြီး အတော်များများက အဲဒီလိုမီးရှို့တာကို ဆဲလ်ဖုန်းတွေနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီနောက် ဒေသခံ မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်လို့ မီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်မှုနဲ့ပတ်သက်လို့ ၀င်ပေါက်ကလွဲပြီး တခြားပျက်စီးတာ မရှိဘူးလို့ မီးသတ်တာဝန်ရှိသူက ပြောပါတယ်။
ဆန္ဒပြပွဲတွေ ဖြစ်နေစဉ်အတွင်း သံရုံးက အမေရိကန် အစိုးရ၀န်ထမ်းတွေကို အိမ်မှာပဲ နေကြဖို့ ကြိုတင် ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အခုလို သံရုံးမီးရှို့တာဟာ “လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်မှု” ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်သံရုံးဟာ ဟွန်ဒူးရပ်စ် အာဏာပိုင်တွေနဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။
မေ ၃၀ ရက်နေ့က ဟွန်ဒူးရပ်စ် ဆရာဆရာမတွေ၊ ဆေးဘက်ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးကို သမ္မတ ဟာနန်ဒက်ဇ်က ပုဂ္ဂလိကပိုင် ပြောင်းမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဆန္ဒပြကြတာလို့ ရိုက်တာသတင်းအရ သိရပါတယ်။