Live
Home
မြန်မာသတင်း
ဖမ်းဝရမ်းထုတ်ထားသည့် ဦးဝီရသူကို စုံစမ်းရှာဖွေနေဟု မန္တလေးတိုင်း ရဲမှူးချုပ် ပြော
DVB
·
June 1, 2019
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေတယ်လို့ မန္တလေးတိုင်း ရဲမှူးချုပ်က ပြောပါတယ်။ ဆရာတော်သွားလာနိုင်တဲ့ ကျောင်းတိုက်တွေ၊ သွားလာနိုင်တဲ့နေရာတွေ၊ ကားဂိတ်တွေကို စုံစမ်းရှာဖွေနေတာလို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ မေ ၃၁ ရက်နေ့ ကျင်းပတဲ့ အစိုးရ သက်တမ်း တတိယနှစ်မြောက်ကာလအတွင်း ဆောင်ရွက်ချက်တွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မေလ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော်ဝီရသူ ဟောပြောချက်တွေကြောင့်  နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အနောက်ပိုင်းခရိုင်တရားရုံးက တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဦးဝီရသူအနေနဲ့ အခု တရားစွဲဆိုမှုကို ဘယ်လိုပြန်တုံ့ပြန်မယ်ဆိုတာကိုတော့  တရားဝင်ဖြေရှင်း ပြောဆိုတာ မရှိသေးပါဘူး။ လာမယ့် ဇွန် ၁၇ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ညီလာခံ ကျင်းပဖို့ ရှိတာကြောင့် အဲဒီအချိန်အထိ အဖမ်းမခံဘဲ တိမ်းရှောင်နိုင်တယ်လို့ သုံးသပ်မှု တွေလည်း ရှိပါတယ်။ ဝရမ်းထုတ်ခံရသူ ထွက်ပြေးတမ်းရှောင်နေတယ်ဆိုရင် ဝရမ်းကို ပြန်ရုပ်သိမ်ပြီး တရားရုံးက တရားခံပြေးအဖြစ် ကြေညာနိုင်ပါတယ်။ ဆရာတော် ဦးဝီရသူကို ဖမ်းဆီးတရားစွဲဆိုဖို့ အစိုးရက ညွှန်ကြားတာဖြစ်ပြီး ဦးဝီရသူကို ၀န်းရံသူတွေ ပြုလုပ်တဲ့ ဆုတောင်းပွဲတွေနဲ့ပတ်သက်လို့လည်း နိုင်ငံတော်လုံခြုံရေးကို ထိပါးလာနိုင်တဲ့ ကိစ္စတွေကို ဥပဒေအရ ကိုင်တွယ်မယ်လို့ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024