Home
မြန်မာသတင်း
ချင်းလက်နက်ကိုင်တပ်ဖွဲ့နှင့် ချင်းနိုင်ငံရေးပါတီ ဆွေးနွေးမည်
နန်းမြနဒီ
·
November 13, 2012
အစိုးရနဲ့ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းအမျိုးသားပါတီ (စီအန်ပီ) တို့ဟာ မကြာခင်လပိုင်းအတွင်း တရားဝင်တွေ့ဆုံကြမယ်လို့ စီအန်ပီ အထွေထွေအတွင်းရေးမှူး ဆလိုင်းငယ်ပီးက ပြောပါတယ်။ “အစိုးရရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်တွေထဲမှာလည်း ဒေသအကျိုးပြုတို့ ပါတော့ ဒေသအကျိုးပြုတွေမှာ နိုင်ငံရေးပါတီတွေ ကင်းကွာလို့မရဘူးလေ။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင်ချောမွေ့အောင် ကူညီမယ်။ အနာဂတ်မှာ လက်တွဲလုပ်ဆောင်ရမယ့် အဖွဲ့အစည်းတွေဖြစ်နေတော့ အကျိုးဆက်တွေက အဲဒါတွေပါ။ မြန်မာနိုင်ငံရေးထဲမှာလည်း တိုင်းရင်းသားနိုင်ငံရေး ပဋိပက္ခတွေလည်း တူတူဖြေရှင်းကြဖို့ပေါ့။” ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းအမျိုးသားပါတီတို့ဟာ အရင်က အလွတ်သဘောတွေ့ခဲ့ကြပေမယ့် အခု ပထဆုံးအကြိမ် တရားဝင်တွေ့ဆုံခဲ့ကြတာပါ။ တွေ့ဆုံဆွေးနွေးပွဲပြီးရင် နောက်ပိုင်းမှာ ချင်းပြည်သူတိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆလိုင်းငယ်ပီးက ပြောပါတယ်။ ချင်းအမျိုးသားတပ်ဦးဟာ ချင်းပါတီနဲ့ မတွေ့ခင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးပွဲပြီး ၁ ရက် ၂ ရက်အတွင်း ချင်းပါတီနဲ့ တွေ့မယ်လို့ ဆိုပါတယ်။ ပူးဇိုဇမ် ဦးဆောင်တဲ့  ချင်အမျိုးသားပါတီ (စီအန်ပီ) ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်အမတ် ၉ နေရာ အနိုင်ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ အမတ် ၁၂ နေရာ အနိုင်ရခဲ့တဲ့ ချင်းတိုးတက်ရေးပါတီ (စီပီပီ) နဲ့ တပါတီတည်းအဖြစ် ပူးပေါင်းဖို့ ဒီနှစ်ဆန်းပိုင်းမှာ စတင်ကမ်းလှမ်းခဲ့ပါတယ်။ ချင်းတိုးတက်ရေးပါတီဘက်ကလည်း မူအားဖြင့်သဘောတူထားပြီး ကွဲလွဲမှုရှိနေတဲ့ အခြေခံမူဝါဒနဲ့ လုပ်ငန်းစဉ်တချို့အတွက် ညှိနှိုင်းဆောင်ရွက်နေဆဲပဲလို့ ပါတီပြောခွင့်ရ ဦးဒိုင်ထွန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024