Home
မြန်မာသတင်း
ရွှေမန်းရတနာခရီးသည်ယာဉ် မိုင်းပေါက်ကွဲမှု တပ်မတော်နှင့်အေအေ အပြန်အလှန်စွပ်စွဲ
DVB
·
June 1, 2019
ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှာ ခရီးသည်တွေစီးနင်းလိုက်ပါလာတဲ့ ကားတစီးမိုင်းပေါက်ကွဲ တာရဲ့ လက်သည်အဖြစ် တပ်မတော်နဲ့ အေအေတို့ အပြန်အလှန်စွပ်စွဲလိုက်ကြပါတယ်။ မေ ၃၁ ရက်နေ့က စစ်တွေကနေ ရန်ကုန်ကိုထွက်သွားတဲ့ ရွှေမန်းရတနာ ခရီးသည်တင်ကားတစီးဟာ ရခိုင်ပြည်နယ်မြေပုံမြို့နယ်၊ ကြာအမ်းတောင်ကျေးရွာ အလွန်မှာ ညနေ ၄ နာရီကျော်လောက်က မိုင်းပေါက်ကွဲမှုကြောင့် ကားထိခိုက်ပျက်စီးသွားခဲ့တာပါ။ အများပြည်သူထိခိုက်အောင် အခုလို မိုင်းထောင်တာဟာ ရက္ခိုင့်တပ်တော်အေအေက လုပ်တာမဟုတ်ဘူးလို့ အေအေရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီဗွီဘီကိုပြောပါတယ်။ “ရခိုင်လူမျိုးတွေ စီးလာတဲ့ကားတွေကို ဘယ်သူတွေ တိုက်ခိုက်သလဲဆိုတာကို ခင်ဗျားတို့လည်း စဉ်စားကြည့်ရင်သိနိုင်ပါတယ်။ ကျနော်တို့ ရက္ခိုင့်တပ်တော်ဟာ ရခိုင်လူမျိုးတွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ တပ်တော်တခုဖြစ်တယ်။ ဒီလိုမျိုး အများပြည်သူထိခိုက်အောင် စည်းမဲ့ကမ်းမဲ့မိုင်းထောင်တာမျိုးတော့ ဘယ်တော့မှမလုပ်ဘူး။ တခါတလေမှာ ဗမာစစ်တပ်ရဲ့ ယာဉ်တန်းတွေကို ကျနော်တို့တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ဥစ္စာမှာလည်း ပစ်မှတ်ကို အတိအကျထားပြီး နည်းပညာတွေနဲ့ ထိန်းချုပ်ပြီးမှ တိုက်ခိုက်တာဖြစ်ပါတယ်။ အခုမိုင်းထောင်တာဟာ ဗမာစစ်တပ်က ထောင်းတဲ့မိုင်းဖြစ်တယ်” လို့ပြောပါတယ်။ မေလအတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေမှာ တပ်မတော်တော်ဘက်က အထိအခိုက် အကျအရှုံးများပြားလာတာကြောင့် အခုလိုမျိုး လမ်းဘေးမိုင်းထောင်ပြီး ပြုလုပ်လာတာမျိုးလုပ်ဖို့ နည်းဗျူးဟာတွေ ပြောင်းလာတာလို့ အေအေဘက်က စွပ်စွဲပြောဆိုပါတယ်။ အခုလို မိုင်းထောင်တာဟာ အေအေဘက်ကလုပ်တာဖြစ်ပြီး သူတို့လုပ်တာ မဟုတ်ဘူးလို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။ “မိုင်းနဲ့ပတ်သက်လာလို့ရှိရင် အများပြည်သူသွားလာနေတဲ့လမ်းမှာ ကျနော်တို့က ထောင်လေ့ထောင်ထမရှိဘူး။ တင်းတင်းကျပ်ကျပ်လဲ တားမြစ်ထားတယ်။ ထောင်စရာလည်း အကြောင်းမရှိဘူး။ ကျနော်တို့တခါမှာလည်း မထောင်ခဲ့ဘူး။ တခုတော့ရှိတာပေါ့။ ကျနော်တို့ ရှေ့တန်းစစ်ဆင်းရေးနယ်မြေတွေမှာ အသုံးပြုတယ်။ ကျနော်တို့ အသုံးပြုတာကတော့ ကြီးကြပ်မိုင်းတို့နဲ့အသုံးပြုတယ်။ အခုပုံထဲမှာလည်း မြင်ပါလိမ့်မယ့်၊ မိုင်းပေါက်ကွဲတဲ့ပုံစံ၊ ဒါက အေအေထောင်တဲ့ မိုင်းပေါက်ကွဲတဲ့ပုံအတိုင်းပါပဲ၊ ဒါကြောင့်မို့လို့ ဒါက အေအေက ထောင်တာလို့ ပြောခြင်းဖြစ်တယ်” လို့ ပြောပါတယ်။ ဒါ့အပြင် အခုလိုပေါက်ကွဲမှုဟာအရင်ပုံတွေနဲ့ နှိုင်ယှဉ်ကြည့်မယ်ဆိုရင် တပုံစံတည်း ဖြစ်နေပြီး အေအေကထောင်တဲ့မိုင်းလို့ တထပ်တည်းပြောလို့ ရကြောင်း တပ်မတော်သတင်း မှန်ပြန်ကြာရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုပါတယ်။ ရွှေမန်းရတနာ ခရီးသည်တင်ကားဟာ ကြာအမ်းတောင်းကျေးရွာကျေးရွာအလွန်မှာ ရှေ့ကားတစီးအလာ ကားလမ်းဘေးအရှောင်မှာ မိုင်းပေါက်ကွဲမှုဖြစ်သွားတာလို့ ရွှေမန်းရတနာ ကားဒရိုင်ဘာ ကိုအောင်နိုင်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီလိုမိုင်ပေါက်ကွဲမှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ တစုံတရာ ထခိုက်ဒဏ်ရာရတာမရှိဘဲ ကားရဲ့နောက်ဘီး၊ ဘော်ဒီနဲ့ ကားမှန်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွှေမန်းရတနာ ကားဒရိုင်ဘာ ကိုအောင်နိုင်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီရွှေမန်းရတနာခရီးသည်တင်ကားပေါ်မှာ ခရီးသည် ၄၅ ဦးလိုက်ပါလာတာဖြစ်ပြီး စစ်တွေကနေ ရန်ကုန်ကို သွားတာဖြစ်ပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024