Home
မြန်မာသတင်း
မကွေး ဆေးတက္ကသိုလ်​ ခန္ဓာ​ဗေဒဌာနအတွက်​ သက်မဲ့​ခန္ဓာ အလှူရှင်​များ လိုအပ်​​နေ
DVB
·
June 1, 2019
ဆေးတက္ကသိုလ် ​(မ​ကွေး) ခန္ဓာ​ဗေဒဌာနအတွက်​ ကိုယ်​ခန္ဓာအလှူရှင်​တွေ လိုအပ်​​နေတယ်​လို့ မ​ကွေး​ဆေးတက္ကသိုလ်​က ပြောပါတယ်​။ မန္တ​လေးမှာ ​ဆေးတက္ကသိုလ်​တက်​ခဲ့စဉ်​က ကိုယ်​ခန္ဓာတ​ခုကို ၁၀ ဦးနှုန်း ​လေ့လာခွင့်ရခဲ့​ပေမယ့် အခုမ​ကွေး​ဆေးတက္ကသိုလ်​မှာ​တော့ အုပ်​စုတစ်​စုကို ၃၅ နှုန်း အုပ်​စု ၈ စုခွဲပြီး ​လေ့လာ​နေရတဲ့အတွက်​ ကိုယ်​ခန္ဓာ အလှူရှင်​​တွေ လိုအပ်​​နေတာလို့ ဆေးတက္ကသိုလ်​ (မ​ကွေး) ခန္ဓာ​ဗေဒဌာနမှ ကထိက ​ဒေါက်​တာဥမ္မာလှိုင်​က  ပြောပါတယ်။ ခန္ဓာ​ဗေဒဌာနမှာ ဘွဲ့လွန်​ဂုဏ်​ထူးတန်း ​ကျောင်းသား​တွေနဲ့ ဒုတိယနှစ်​​ကျောင်းသား​ တွေကိုသာ သင်​ကြား​ပေးတာပါ။ လှူဒါန်းထားတဲ့ ကိုယ်​ခန္ဓာ​တွေက ​ဆေးတက္ကသိုလ်​ ​ကျောင်းသူ​ကျောင်းသား​တွေအတွက်​ အကျိုးရှိရှိ လက်​​တွေ့အသုံးချလို့ရပါတယ်​။ ​ဆေးတက္ကသိုလ်​ မ​ကွေးအ​နေနဲ့ သက်​မဲ့ခန္ဓာကိုယ်​ လုံ​လောက်​မှု မရှိတဲ့အတွက်​ အလှူရှင်​​တွေကိုလည်း ထပ်​မံဖိတ်​​ခေါ်ချင်​ပါတယ်​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ဒေါက်​တာဥမ္မာလှိုင်​က "ဘွဲ့ကြိုအ​နေနဲ့ ဒုတိယနှစ်​မှာ ​ရောဂါမရှိတဲ့ ကိုယ်​ခန္ဓာ​တွေကို ​လေ့လာရတာဖြစ်​ပြီး ဘွဲ့လွန်​​ကျောင်းသား ​ကျောင်းသား​တွေလည်း ​လေ့လာကြပါတယ်​။ ကူးစက်​​ရောဂါရှိသူနဲ့ ကိုယ်​လက်​အင်္ဂါပြတ်​​နေတဲ့သူ​တွေ လှူဒါန်းခွင့်မရှိပါဘူး။ ကိုယ်​ခန္ဓာအလှူရှင်​ ​သေဆုံးပြီးချင်း ၆ နာရီထက် ​မ​ကျော်​လွန်​ဘဲ သက်​ဆိုင်​ရာ ခန္ဓာ​ဗေဒဌာနကို အ​ကြောင်းကြားရမှာဖြစ်​ပြီး ၆ နာရီထက်​​ကျော်​လွန်​ရင်​ ​ဆေးသွင်းရမှာ အခက်​ခဲရှိတဲ့အတွက်​ လက်​မခံပါဘူး။” လှူဒါန်းထားတဲ့ သက်​မဲ့ခန္ဓာ​တွေကို ဝိညာဉ်​မဲ့ ဆရာများအဖြစ်​ သတ်​မှတ်​ပြီး မြတ်​ဆရာပူ​ဇော်​ပွဲ သုံးကြိမ်​ကျင်းပပြီးဖြစ်ကာ ကျောင်းသား​ကျောင်းသူ​တွေနဲ့ မိသားစုဝင်​​တွေကို ဂရဝပြု ပန်း​ခွေချခွင့် ပြု​ပေးပါတယ်​။ ကိုယ်​ခန္ဓာလှူဒါန်းမယ့် အလှူရှင်​​တွေအ​နေနဲ့ ပတ်စ်ပို့ဓာတ်​ပုံ သုံးပုံ၊ မှတ်​ပုံတင်​မိတ္တူ (၁) ခု၊ အသိသက်​​သေအဖြစ်​ အရင်းနှီးဆုံး​ဆွေမျိုး (သို့) မိတ်​​ဆွေတ​ဦးနဲ့ လူကိုယ်​တိုင်​ လာ​ရောက် လှူဒါန်းနိုင်​ပြီး မလာ​ရောက်​နိုင်​သူ​တွေအတွက်​လည်း အိမ်​တိုင်​ရာ​ရောက်​ ဝန်​​ဆောင်​မှု​ ပေးတယ်​လို့ ဆိုပါတယ်​။ ​ဆေးတက္ကသိုလ်​မ​ကွေး ခန္ဓာ​ဗေဒဌာနမှ သက်​မဲ့ခန္ဓာလှူဒါန်းမှုကို ၂၀၁၂ ခုနှစ်​က စတင်​လက်​ခံခဲ့ရာ ၂၀၁၂ ခုနှစ်​မှာ ၄ ဦး၊၂၀၁၃ ခုနှစ်​မှာ ၄ ဦး၊၂၀၁၈ ခုနှစ်​မှာ ၁၅၁ ဦးနဲ့ ၂၀၁၉ ခုနှစ်​ ​မေ ၃၀ ရက်​​နေထိ ၇၃ ဦး လာ​ရောက်​လှူဒါန်းထားတယ်​လို့ သိရပါတယ်​။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024