ဂျူလီယန်အက်ဆန်၏ သူငယ်ချင်းဖြစ်သူအား အာမခံပေးရေး အယူခံ တရားရုံး ငြင်းပယ်

ဓာတ်ပုံ - Rodrigo BUENDIA / AFP
1K
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန်ရဲ့ သူငယ်ချင်းကို အာမခံနဲ့လွှတ်ပေးဖို့ အယူခံ အီကွေဒေါ တရားရုံးက မေလ ၃၀ ရက်မှာ ငြင်းပယ်လိုက်ပါတယ်။
ဆွီဒင်နိုင်ငံသား အိုလာဘီနီကို အီကွေဒေါနိုင်ငံအတွင်း ကွန်ပျူတာစနစ်တွေကို တိုက်ခိုက်မှု စွဲချက်နဲ့ အရင်လက ဖမ်းခဲ့တာပါ။
အီကွေဒေါအစိုးရက မစ္စတာ အိုလာဘီနီရဲ့ ဘဝတလျှောက်လုံး ကြုံတွေ့ခဲ့တာတွေ၊ အလုပ်အကိုင် လူနေမှုဘဝ စေ့စပ်ထားသူပါမကျန် စုံစမ်းစစ်ဆေးနေတယ်၊ ဒါပေမယ့် သူ ဘာလုပ်ခဲ့တယ်ဆိုတာ သူတို့က ရှင်းမပြခဲ့ဘူး၊ ဒါဟာ တရားဥပဒေစိုးမိုးရေးဘောင်မှာ မမျှတဘူးလို့ ဘီနီရဲ့ ရှေ့နေ ဟိုဆေးချာရီက ပြောပါတယ်။
အိုလာဘီနီဟာ အီကွေဒေါနိုင်ငံအတွင်း ငါးနှစ်ကြာနေခဲ့ပြီး ဧပြီ ၁၂ ရက်က ဂျပန်နိုင်ငံကို ခရီးမထွက်ခင် ကွေတိုလေဆိပ်မှာ အဖမ်းခံရတာပါ။
နိုင်ငံခြားသား သုံးယောက်ဟာ အီကွေဒေါနိုင်ငံဆိုင်ရာ သတင်းအချက်အလက်တွေကို ဝီကီလိခ်ဆီ ပေါက်ကြားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက သတင်းပို့အပြီးမှာ အဖမ်းခံရတာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဆော့ဖ်ဝဲလ်ရေးသူ ဘီနီဟာ ကွေတိုမြို့အခြေစိုက် Digital Autonomy Center မှာ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုပိုင်းကို တာဝန်ယူ အလုပ်လုပ်ပါတယ်။
အီကွေဒေါအစိုးရက ဂျူလီယန် အက်ဆန်ကို ၂၀၁၂ ကတည်းက နိုင်ငံရေးခိုလှုံခွင့် ပေးပြီး ဧပြီ ၁၁ ရက်မှာတော့ အီကွေဒေါရဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးကို စွက်ဖက်သူအဖြစ် စွပ်စွဲရင်း ခိုလှုံခွင့် ရုပ်သိမ်းခဲ့ပါတယ်။ အက်ဆန်နဲ့ လူချင်းသိတဲ့ သူငယ်ချင်းလို့ ဘီနီက အသိအမှတ်ပြု ပြောဆိုထားပါတယ်။