A d v e r t i s e m e n t With Us

လှပသောသစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ လှပသော သစ်အချောထည်စက်ရုံ (Beautiful wood industry) က အလုပ်သမား ၃၀ ကျော် အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိဖို့ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။ လှပသော သစ်အချောထည်စက်ရုံ အလုပ်သမားတွေဟာ အလုပ်ချိန် အတိအကျ သတ်မှတ်ပေးဖို့၊ အခြေခံလစာကို တိတိကျကျသတ်မှတ်ပေးဖို့ အပါအ၀င် အလုပ်သမား ရပိုင်ခွင့်တွေအတွက် အချက် ၁၀ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့က စပြီး အလုပ်မဆင်းဘဲ စက်ရုံအပြင်မှာ ဆန္ဒပြခဲ့ကြတာလို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ Action Labour Right အဖွဲ့ဝင် ကိုကျော်ကျော်က ပြောပါတယ်။ “ဟိုနေ့က အလုပ်သမားတွေ အချင်းချင်းကြားမှာ ပြဿနာတက်တယ်၊ အဲကိစ္စကို အလုပ်သမားသမဂ္ဂက ဥက္ကဋ္ဌ ကိုနေလင်းထွန်းက ၀င်ဖြေရှင်းပေးတယ်။ ဒါကို အလုပ်ရှင်ဘက်က ကိုနေလင်းထွန်းကို အဆောင်နေခွင့်ပိတ်လိုက်တယ်၊ ပြဿနာက အဲက စတာပဲ။” ဆန္ဒပြအလုပ်သမားတွေဟာ ကိုနေလင်းထွန်းကို အဆောင်နေခွင့်ပြန်ပေးဖို့၊ ရုံးတာဝန်ခံနဲ့ ပရိဘောဂ တာဝန်ခံတို့ ၀န်ထမ်းရေးရာကိစ္စတွေမှာ စွက်ဖက်ခြင်းမပြုဖို့၊ အလုပ်ချိန်ကို တနေ့ ၈ နာရီနဲ့ တပတ် ၄၄ နာရီလုပ်ရတဲ့ စနစ်နဲ့ စနေ နေ့တ၀က်သာ လုပ်ခိုင်းဖို့၊ လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ သူဌေးမိသားစုကို လုပ်ငန်းရေးရာတွေမှာ ၀င်ရောက်ပြောဆို စီမံခန့်ခွဲတာ မလုပ်ဖို့။ အခြေခံလုပ်သားတဦးကို အချိန်ပိုကြေးမပါ အနိမ့်ဆုံးလစာ ၅၆၇၀၀ ကျပ် ပေးဖို့နဲ့ အခြေခံလစာ ၃ သောင်းခွဲကျပ်ကို ပြန်လည်ညှိနှိုင်းပေးဖို့ စတဲ့အချက်တွေအပါအ၀င် အချက် ၁၀ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ အလုပ်သမားတွေ ဆန္ဒပြခဲ့တဲ့အတွက် မနေ့တုန်းက မြို့နယ်ဖျန်ဖြေရေးအဖွဲ့ကနေ လာရောက်ညှိနှိုင်းပေးခဲ့လို့ အချက် ၄ ချက်ကို သဘောတူညီမှု ရရှိသွားခဲ့ပေမယ့် ကျန်အချက်တွေကို မလိုက်လျောသေးတဲ့အတွက် အလုပ်သမားတွေ ဒီနေ့မှာ ဆက်ပြီး ဆန္ဒပြနေကြတယ်လို့ ပြောပါတယ်။ “မြို့နယ်ဖျန်ဖြေရေးက လာညှိနှိုင်းပေးတယ်။ တချို့အချက်လေးတွေတော့ ပြေလည်တယ်၊ မိသားစုဝင်မစွက်ဖို့၊ အလုပ်ချိန် တနေ့ ၈ နာရီဆိုတာမျိုး၊ နောက် ကိုနေလင်းထွန်းကို အဆောင်ပြန်ပေးဖို့ကိစ္စ၊ နောက် စက်ရုံယာယီပိတ်တုန်းက နေ့စားလုပ်ခပေးမယ်ဆိုပြီး မပေးတာ အဲအချက် ၄ ချက် ပြေလည်တယ်။ ကျန်တဲ့အချက်တွေ မပြေလည်သေးလို့ ဆက် ဆန္ဒပြကြတယ်။” လှပသော သစ်အချောထည် စက်ရုံ (Beautiful wood industry) ကို ဦးညိုလေးဆိုတဲ့ တရုတ်အမျိုးသား တဦးက ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up