Home
မြန်မာသတင်း
ဘားအံမြို့အ၀င် သံလွင်တံတားမှ မြ၀တီမြို့အထိ လုံခြုံရေး တိုးမြှင့်
DVB
·
May 31, 2019
ကရင်ပြည်နယ် ဘားအံမြို့အဝင် သံလွင်တံတားကနေ  မြဝတီမြို့အထိ စစ်ဆေးရေးဂိတ် ၅ နေရာ သတ်မှတ်ကာ မေလ ၃၀ ရက်နေ့ကစပြီး လုံခြုံရေးတိုးမြှင့်ချထားလိုက်ပါတယ်။ ရန်ကုန်ဘက်ကနေ ၀င်ရောက်လာတဲ့ ကားတွေ၊ ခရီးသွားတွေကို ရှာဖွေ စစ်ဆေးတာတွေ တိုးမြှင့် လုပ်ဆောင်နေတာပါ။ အခုရက်ပိုင်းတွေအတွင်း ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူနဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုကျောင်းဆောင်ကို ကန့်ကွက်လို့ အမှုဖွင့်ခံထားရတဲ့ မိုက်ကယ်ကျော်မြင့်တို့ကို ဖမ်းဆီးနိုင်ရေးအတွက် ကရင်ပြည်နည် မြို့ဝင်မြို့ထွက် နေရာတွေကို ရှာဖွေတာတွေ အရှိန်မြှင့် လုပ်ဆောင်နေတာလို့ သိရပါတယ်။ မြ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူရည်က “ကရင်​ပြည်​နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးကြီး​အောင်​မြတ်​မိုးရဲ့ လမ်းညွှန်​မှုနဲ့ မြဝတီမြို့ သင်္ကန်းညီ​နောင်​အဝင်​နဲ့ ကုန်​သွယ်​​ရေးဇုန်​​နေရာတို့မှာ လုံခြုံ​ရေးအရ စစ်​​ဆေးရှာ​ဖွေမှုတွေ ပြုလုပ်နေတာပါ။ ကျနော်တို့ လုံခြုံရေး အခြေအနေအရ ပြောခွင့်တော့မရှိပါဘူး။ အထက်အမိန့်အရ လိုအပ်​ပါက ရက်​အကန့်​အသတ်​မရှိ ​ဆောင်​ရွက်​သွားမယ်" လို့ ပြောပါတယ်။ မိုင်ကယ်ကျော်မြင့်ဟာ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီဌာနချုပ်မှာ  ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအပေါ် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ဌာနချုပ်မှာ ရှိတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ မိုင်ကယ်ကျော်မြင့်ဟာ ပြီးခဲ့တဲ့နှစ်တွေက ငြိမ်းချမ်းရေးကောင်စီ တပ်ရင်းတခုရဲ့ စီးပွားရေး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့်  မတရားတဲ့ ပြသနာတခု ဖြစ်ပေါ်လာလို့ တာဝန်က ထုတ်ပယ်ထားကြောင်း ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024