Home
မြန်မာသတင်း
ပလက်ဝမြို့နယ်တွင် စက်မှုဇုန်တခု အကောင်အထည်ဖော်ရန် စီစဉ်နေ
DVB
·
May 31, 2019
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စက်မှုဇုန်တခု အကောင်အထည်ဖော်ဖို့ မြေပြင်ကွင်းဆင်း လေ့လာရေးလုပ်နေတယ်လို့ စက်မှုဝန်ကြီးက ပြောပါတယ်။ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မေးမြန်းတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသေးစား (SME) လုပ်ငန်းစုတွေပါဝင်တဲ့ စက်မှုဇုန်တခု အကောင်အထည်ဖော်ထူထောင်ပေးဖို့ အစီစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့တာပါ။ ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဟားခါး၊ ပလက်ဝ၊ တီးတိန်နဲ့ မတူပီမြို့နယ်တို့မှာ စက်မှုဇုန်တွေ ထူထောင်သွားဖို့ သတ်မှတ်လျာထားပြီး ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှု (Feasibility Study) တွေ လုပ်နိုင်အောင် မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့တွေကို ၂၀၁၉ ခုနှစ် မတ်လမှာ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ စက်မှုဝန်ကြီး ဦးခင်မောင်ချိုက "ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ကာ Feasibility Study တွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့ရဲ့ အသေးစိတ်အစီရင်ခံစာအရ လက်တွေ့အကောင်အထည်ဖော်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့အတူ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ ပူးပေါင်းကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ချင်းပြည်နယ်မှာ ပေါ်ပေါက်လာမယ့် စက်မှုဇုန်တွေအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ဖို့ ကြိုတင်စီမံတဲ့အနေနဲ့ စက်မှုသင်တန်းကျောင်း (ပလက်ဝ) ကို ထိုင်းနိုင်ငံမှ Neighbouring Countries Economic Development Cooperation Agency(NEDA) ရဲ့ အထောက်အပံ့နဲ့ ဖွင့်နိုင်ဖို့ အဆိုပြုလွှာ ပေးပို့ညှိနှိုင်းထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် SME လုပ်ငန်းတွေကို အထောက်အကူပြုစေမယ့် လျှပ်စစ်နဲ့ အီလက်ထရောနစ်ဘာသာရပ်၊ ဂဟေဆက် ပညာဘာသာရပ်၊ မော်တော်ယာဉ်စက်ပြင် ဘာသာရပ်၊ တွင်ခုံဖောက်ခုံစက်ကိုင် ကျွမ်းကျင်ဘာသာရပ်၊ လယ်ယာ သုံးအင်ဂျင်ငယ်များ ပြုပြင်ထိန်းသိမ်းရေး ဘာသာရပ်တွေအပြင် အ၀တ်အထည်ချုပ်လုပ်မှု အတတ်ပညာဘာသာ ရပ်တွေကိုလည်း သင်ကြားပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကုလားတန်ဘက်စုံစီမံကိန်းအရ ပလက်ဝမြို့ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အထိ သွားလာနိုင်တဲ့ ကားလမ်းကိုလည်း ၂၀၁၈ ခုနှစ်ကတည်းက စတင်ဖောက်လုပ်နေသလို လျှပ်စစ်မီး ပိုမိုရရှိဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်တို့မှာ စက်မှုဇုန် တခုစီ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နှစ်ခုစီ၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ သုံးခုစီ စုစုပေါင်း စက်မှုဇုန် ဆယ့်ကိုးခု ဖွင့်လှစ်ထားကြောင်း၊ အထူးစီးပွားရေး ဇုန်အနေနဲ့ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ တခုစီ စုစုပေါင်း သုံးခု တည်ဆောက်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024