ကြံ့ခိုင်ရေးပါတီ ဆိပ်ကမ်းအမတ်ကို ပယ်ဖျက်၍ အန်အယ်လ်ဒီကိုယ်စားလှယ်ကို အနိုင်ပေး
DVB
·
May 30, 2019
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေ ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အရွေးချယ်ခံရသူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကို ပယ်ဖျက်ပြီး အန်အယ်လ်ဒီကိုယ်စားလှယ်ကို အနိုင်ပေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲခုံရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးနေမျိုးအောင်ကို အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲ မတိုင်မီကာလမှာ ပြည်ခိုင်ဖြိုးက ငွေချေးလုပ်ငန်း လုပ်ကိုင်ခဲ့တာ၊ ဘာသာရေးကို အခြေခံပြီး မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်တာ စတဲ့ အချက်အလက်တွေနဲ့ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၆ အရ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှသူ ဦးမြင့်နိုင်က “အနိုင်ပေးလိုက်တာပါ လျှောက်ထားသူကို။ အဲဒါတွေက တင်ပြရမှာ အရှည်ကြီးဗျာ။ စာမျက်နှာ ၂၅ မျက်နှာ်လောက်ရှိပါတယ်။ အကျဉ်းချုပ်ပြောရုံနဲ့ မလုံလောက်လို့ပါ။ စီရင်ချက်မကြာခင် ၀က်ဘ်ဆိုက်မှာ တက်မှာပါ” လို့ပြောပါတယ်။
ကော်မရှင်က ဦးနေမျိုးအောင်ကို ပယ်ဖျက်ပြီး သူ့ကို ကိုယ်စားလှယ်အဖြစ် ကြေညာပေးလိုက်တယ်လို့ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေ ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ပြောပါတယ်။
အခုဆုံးဖြတ်ချက်အပေါ်မှာ တဖက်က မကျေနပ်ရင်တော့ ၁၅ ရက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို ထပ်ပြီး တင်ပြလို့ရတယ်လို့လည်း သူက ဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးနေမျိုးအောင်ကတော့ သူ့အနေနဲ့ ရွေးကောက်ပွဲကာလ ရက်ပေါင်း ၆၀ အတွင်းမှာ သတ်မှတ်ထားတဲ့ ဥပဒေဘောင်ထဲမှာ နေထိုင်လုပ်ဆောင်ခဲ့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ခုံရုံးက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေက အဲဒီမတိုင်ခင်မှာ လုပ်ဆောင်ခဲ့တဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ထပ်မံတင်ပြခြင်း ရှိမရှိကတော့ ပါတီဗဟိုရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကတော့ ဒီဆုံးဖြတ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မဖြစ်နိုင် စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပြီလို့ ပြောပါတယ်။
၂၀၁၈ ခုနိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်မှာ နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်လောင်း ၈ ယောက်၊ တသီး ပုဂ္ဂလကိုယ်စားလောင်း ၁ ယောက်၊ စုစုပေါင်း ၉ ယောက် ဝင်ပြိုင်တာဖြစ်ပြီးကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ခိုင်လုံမဲ အများစုနဲ့ အနိုင်ရခဲ့တာပါ။