Home
မြန်မာသတင်း
စစ်ရာဇ၀တ်မှုစွပ်စွဲချက် တပ်မတော်ပယ်ချ၊ စစ်ဆင်ရေးကို ဥပဒေနှင့်အညီလုပ်ဆောင်နေဟုဆို
DVB
·
May 30, 2019
ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)ရဲ့ စွပ်စွဲချက်ကို တပ်မတော်က လက်မခံပဲ ပယ်ချလိုက်ပါတယ်။ ရခိုင်မှာဆောင်ရွက်နေတဲ့ စစ်ဆင်ရေးပိုင်းမှာရော၊ စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အပိုင်းမှာပါ တည်ဆဲဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချူပ် ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ဒီစွပ်စွဲချက်တွေက ဘယ်က အခြေခံပြီး ပေါ်ပေါက်လာလဲလို့ ဆိုရင် ကျနော်မြင်တာကတော့ ရွာနားလေးတွေမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့အခါမှာ တချို့ ဒေသခံကျေးရွာသူ ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့တယ်။ အဲဒီအပေါ်မှာ ဖြစ်သွားတာလို့ ကျနော်မြင်တယ်။ အဲဒီမှာ ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးက သောင်းကျန်းမှု နှိမ်နင်းရေးစစ်ဆင်ရေးဖြစ်ပါတယ်။ သောင်းကျန်းမှု နှိမ်နင်းရေးဆိုတဲ့နေရာမှာ ကျနော်တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က သောင်းကျန်းမှုဆိုတာ နိုင်ငံတော်ကို လက်နက်စွဲကိုင်ပုန်ကန်နေတဲ့ ကိစ္စကို ကျနော်တို့က စစ်ဆင်ရေး ပြန်လုပ်တာဖြစ်တယ်။ သောင်းကျန်းမှုဆိုတဲ့ အဓိပ္ပာယ်ကို ကျနော်တို့က စစ်ဆင်ရေး အမြင်တခုတည်းနဲ့ မဟုတ်ဘဲနဲ့ စစ်ရေးဆိုင်ရာ သီအိုရီအရ ဒါနိုင်ငံရေး ပြစ်မှုလို့လည်း သဘောထားတယ်။ ဒါကျနော်တို့ တပ်မတော်ရဲ့ သဘောထားမဟုတ်ဘူး နိုင်ငံတကာ တပ်မတော်တိုင်းမှာဒီအတိုင်းပဲ” ရွာနားတွေမှာ တိုက်ပွဲဖြစ်တဲ့အခါ ရွာထဲမှာ အေအေနဲ့ ပတ်သက်လို့ သတင်းပေးကြဖို့နဲ့  ရွာထဲကို အေအေတွေ အ၀င်မခံဖို့ အမြဲတမ်းသတိပေး သလို စစ်ဘက်ပစ်မှတ်အများစုကိုသာတိုက်ခိုက်တယ်လို့လည်း ဗိုလ်မှူးချူပ် ဇော်မင်းထွန်းက ပြောပါတယ်။ “အဲဒီမှာ ပြဿနာဘာရှိလဲဆိုတော့ ဖြစ်စဉ်အများစုက မိုင်းထောင်၊ မိုင်းခွဲ ရွာနားလေးမှာ တိုက်တယ်။ ပြီးရင် ရွာထဲကို ၀င်ပြေးသွားတယ်။ ပြီးရင် ရွာထဲကနေပစ်တယ်။ မလွဲမရှောင်သာ ကျနော်တို့ ပြန်လည်ပစ်ခတ်ရတယ်။ ပစ်ခတ်တဲ့အခါမှာတော့ နှစ်ဖက်တိုက်ပွဲကြား ဖြစ်နေတဲ့ဟာကို တပ်ကပစ်လို့ အဲလိုဖြစ်ပါတယ်ဆိုပြီးတော့ တဖက်က စွပ်စွဲတာလေးတွေ ရှိတာပေါ့” နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ၂၀၁၉ ဇန်နဝါရီလကစပြီး မြန်မာစစ်တပ်ဟာ လက်လွတ်စပယ် တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေေ သဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံစာမှာ အသေးစိတ် ရေးသားထားပါတယ်။ ဒါ့အပြင် အေအေတပ်ဖွဲ့တွေဘက်ကလည်း အရပ်သားတွေကို ပြန်ပေးဆွဲတာ အပါအဝင် ညှင်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်ခဲ့ကြောင်း အေအိုင်ရဲ့ အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။ အေအိုင်အဖွဲ့ဟာ ၂၀၁၉ မတ်လကုန်ပိုင်းက ရခိုင်ပြည်နယ်ထဲထိ သွားရောက်လုပ်ေ ဆာင်ထားတဲ့ အင်တာဗျူး ၅၄ ခု ၊ တိုက်ပွဲဖြစ်ရာဒေသတွေမှာ နေထိုင်နေကြတဲ့ လူတွေဆီအဝေးမှ ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး ၂၇ ခု အပါအ၀င် အင်တာဗျူးပေါင်း ၈၁ ခု အပေါ် အခြေခံပြီး ဒီအစီရင်ခံစာကို  ပြုစုထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024