ဆိုင်ကယ်စီး ကမ္ဘာပတ်မည့် မြန်မာလူငယ်နှစ်ဦး မန္တလေးမှ ဆက်လက်ထွက်ခွာ
DVB
·
May 30, 2019
မြန်မာနိုင်ငံကနေ နိုင်ငံပေါင်း သုံးဆယ်နီးပါးကို ဖြတ်သန်းပြီး United Kingdom (ယူကေ)
အထိ မိုင်ပေါင်း ၃ သောင်းကျော် ခရီးရှည် ဆိုင်ကယ်စီးမယ့် မြန်မာလူငယ်နှစ်ဦးဟာ မန္တလေးမြို့ကနေ မေလ ၃၀ ရက် မနက်ပိုင်းမှာ ဆက်လက်ထွက်ခွာသွားပါတယ်။
မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ ကိုစိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ ၂ ဦးဟာ မေလ ၂၉ ရက် ညနေပိုင်းက မန္တလေးမြို့ကို ရောက်ရှိခဲ့ကြတာပါ။
သူတို့ရဲ့ ဆိုင်ကယ်စီးကမ္ဘာပတ်ခရီးစဉ်ဟာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့ကနေ မေလ ၂၆ ရက်နေ့မနက်က စတင်ခဲ့ကြတာဖြစ်ပြီး ပြည်နဲ့ မကွေးကိုဖြတ်ကျော်ကာ မန္တလေးမြို့ကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ မန္တလေးကနေ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်ကိုဖြတ်သန်းပြီး ထိုင်းနိုင်ငံကနေ ဆက်လက်ခရီးဆက်မယ်လို့ ပြောပါတယ်။
ဒီလို ဆိုင်ကယ်စီးပြီး ပြည်ပခရီးရှည်ထွက်တာဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ဆိုင်ကယ်ဝါသနာရှင်တွေအနေနဲ့ အခုလို ခရီးရှည်ဆိုင်ကယ်စီးရာက အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေကိုလည်း ပြန်လည်မျှဝေပေးမယ်လို့ ပြောပါတယ်။
ဒီခရီးစဉ်စတင်ဖို့အတွက် အချိန် ၂ နှစ်လောက် ကြိုတင်ပြင်ဆင်ခဲ့ရပြီး ဒီဆိုင်ကယ် ခရီးစဉ်မှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေအတွက်ကိုလည်း နိုင်ငံတကာက ကမ္ဘာပတ် ဆိုင်ကယ်စီးနင်းသူတွေထံကနေ အတွေ့အကြုံတွေကို လေ့လာပြီး ပြင်ဆင်ထားတယ်လို့ ဆိုင်ကယ်စီးနင်းသူတဦးဖြစ်တဲ့ ကိုအောင်ကျော်ဝင်းက ပြောပါတယ်။
ဒီခရီးစဉ်ကနေ မတူညီတဲ့ အရပ်ဒေသတွေက ဒေသန္တရဗဟုသုတတွေ ရရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုင်ကယ်စီးသူ ကိုစိုင်းဇွမ်ဖက ပြောပါတယ်။
ဒီခရီးစဉ်ဟာ အချိန်ငါးလလောက် ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်တလျှောက်ကိုလည်း ခရီးသွားမှတ်တမ်း ရုပ်ရှင်ရိုက်ကူးထားပြီး ခရီးစဉ်ကနေ ပြန်လည်ရောက်ရှိတဲ့အခါ ပြသမယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း