ပြည်သူ့ကျန်းမာရေး ထူးချွန်ဆု မြန်မာနှင့် အိန္ဒိယပူးတွဲရရှိ
DVB
·
May 30, 2019
ကုလသမဂ္ဂကပေးအပ်တဲ့ Dr. LEE Jong-wook အမှတ်တရအောက်မေ့ဖွယ် ပြည်သူ့ကျန်းမာရေးထူးချွန်ဆု (၂၀၁၉) ကို မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ပူးတွဲရရှိသွားပါတယ်။
မေ ၂၄ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပတဲ့ (၇၂)ကြိမ်မြောက် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ညီလာခံမှာ ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေးဌာနခွဲရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဆုချီးမြှင့်ခဲ့တာလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပါတယ်။
အဆိုပါဆုကို ညွန်ကြားရေးမှူး ဒေါက်တာ သံလွင်ထွန်း၊ ဒုညွန်ကြားရေးမှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်နဲ့ ဒေါက်တာငြိမ်းအေးထွန်းတို့က တက်ရောက် လက်ခံရယူခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ အနေနဲ့ ဆုတံဆိပ်နဲ့ အတူ ဆုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ကိုပါ လက်ခံရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်တတ်တဲ့ရောဂါတွေအပြင် မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပွား သေဆုံးမှုများပြားလာတာကို ဖြေရှင်းနိုင်ဖို့ ကျန်းမာရေးဌာနက ကျေးလက်နေပြည်သူတွေကို သွေးတိုးနဲ့ ဆီးချိုရောဂါတွေ စစ်ဆေးကုသပေးတာ၊ သက်ကြီး ရွယ်အိုတွေကို ကျန်းမာရေး စောင့်ရှောက်ပေးတာနဲ့ ကျန်းမာရေးအသိပညာမြှင့်တင်လုပ်ငန်းတွေကို ဝေးလံခက်ခဲတဲ့ ဒေသတွေအထိ အခြေခံကျန်းမာရေးဝန်ထမ်းတွေက ကွင်းဆင်းသွားရောက် ဆောင်ရွက်ပေးခဲ့ တာကြောင့် ဆုရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါလုပ်ငန်းတွေကို ၂၀၁၈ခုနှစ်အတွင်း စတင်လုပ်ဆောင်ခဲ့ရာမှာ တနိုင်ငံလုံးရှိ ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၈၄၉ ခုရှိတဲ့အနက် ၅၆၀မှာ ကျယ်ကျယ်ပြန့်ပြန့် အကောင် အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ (၇၂) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံကို တက်ရောက်ပြီး အိတ်ခ်ျအိုင်ဗွီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအပါအ၀င် တခြားကျန်းမာရေး ကိစ္စတွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံ-MOH&S