ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ဈေးကွက်ကို အမေရိကန် အပြီးတိုင်ဆုံးရှုံးနိုင်ဟု USSEC ပြော

အမေရိကန်အနေနဲ့ တရုတ်ဈေးကွက်ကို အပြီးတိုင် ဆုံးရှုံးနိုင်တယ်လို့ ဘေကျင်းမှာ ကျင်းပနေတဲ့ ကုန်သွယ်ရေးဝန်ဆောင်မှု ပြပွဲအတွင်း အမေရိကန် ပဲပုပ်စေ့တင်ပို့ရေးကောင်စီ (USSEC) က ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပွဲဟာ ပဲပုပ်စေ့လုပ်ငန်းကို အရှိန်ပြင်းပြင်း ထိခိုက်ခဲ့တယ်လို့ USSEC က မေလ ၂၈ ရက်မှာ ပြောလိုက်တာပါ။ တရုတ်အစိုးရဟာ အမေရိကန်ပဲပုပ်တွေကို ဇူလိုင်နှောင်းပိုင်းမှာ အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ခဲ့တာပါ။ ဒါဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်ရေးစစ်ပွဲရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် လယ်သမားတွေဟာ ကုန်စည်တွေ အပုံလိုက်နဲ့ ထိုင်နေခဲ့ရပါတယ်။ တရုတ်ဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေးဒဏ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က တင်သွင်းလာတဲ့ ပြောင်း၊ ဝက်သားနဲ့ တခြားကုန်စည်တွေအပေါ်ပါ အခွန်တိုးကောက်ခဲ့တာပါ။ တရုတ်ဟာ သူ့စီးပွားရေး လုပ်ပုံကိုင်ပုံတွေကို အပြောင်းအလဲလုပ်ဖို့ အရင်ကပေးထားတဲ့ ကတိကို ဖျက်ခဲ့တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲအပြီး ဒီလအစောပိုင်းမှာတော့ ကုန်သွယ်ရေးတင်းမာမှု သိသိသာသာ ပိုတိုးလာခဲ့ပါတယ်။ USSEC ရဲ့ ဈေးကွက်မန်နေဂျာ ကျောက်လျန်က "တရုတ်နိုင်ငံထဲမှာ ပဲပုပ်ရောင်းအားက သိသိသာသာ ကျဆင်းနေပါတယ်။ ကုန်သွယ်ရေးစစ်ပွဲ ဆက်ဖြစ်နေရင်တော့ တရုတ်ဈေးကွက်ကို အမြဲတမ်း လက်လွှတ်လိုက်ရဖို့ ဖြစ်နိုင်ချေ အများကြီးရှိတယ်" လို့ ပြောပါတယ်။ အမြင်မရှင်းတဲ့အပြင် ယုံကြည်မှု ပျောက်သွားရင် ပြန်နာလံထူဖို့ ခက်တယ်လို့လည်း သူက ပြောပါတယ်။ မသေချာတဲ့ အခြေအနေအောက်မှာ စီးပွားရေးသမားတွေက အကောင်းမြင်စိတ် စွဲကိုင်ထားဆဲပါ။ "သည်းခံရမှာပဲ၊ နိုင်ငံအားလုံးက လမ်းဖွင့်ထားပြီး စောင့်နေတယ်၊ နောက်ဆုံးမှာ သူတို့အတွက် အခွင့်ကောင်းကို မြင်နိုင်တယ်လေ၊ ဒါကြောင့် သဘောတူညီချက်ရဖို့ ကြိုးစားရေး တရုတ်နဲ့ ပြိုင်နေကြတယ်၊ အမေရိကန်ကလည်း သူတို့စီးပွားရေး ပြန်ရအောင် ကြိုးစားမှာပါ" လို့ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဟုမ်းစ် စတုန်းနာက ပြောပါတယ်။ တရုတ်ဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ ဖိုးရှိ ပစ်မှတ်ထားတဲ့ ကုန်စည်စာရင်းကို သုံးသပ်ရင်း ဇွန်လ ၁ ရက်နေ့ကစပြီး အမေရိကန်ပို့ကုန် အများစုအပေါ် ပိုမြင့်တဲ့အခွန်တွေ ကောက်မယ်လို့ ပြောထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ်က လက်မလျှော့ရင် တရုတ်ပို့ကုန် အားလုံးအပေါ် အခွန်ထပ်ကောက်ဖို့ ရည်ရွယ်ထားတယ်လို့ အချက်ပြခဲ့ပါတယ်။

More News
Up