Saturday, June 10, 2023
Homeမြန်မာသတင်းငလ်င္ဒဏ္ခံ သပိတ်ကျင်းမြို့ အခြေအနေ

ငလျင်ဒဏ်ခံ သပိတ်ကျင်းမြို့ အခြေအနေ

နိုဝင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့ တိုက်အိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားစေတီပုထိုးတော်ကြီးတွေ ပြိုကျပျက်စီးခဲ့ပြီး ၁ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံးနေတယ်လို့ သပိတ်ကျင်း ဆေးရုံတာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေစင်ကြယ်ဘော်ဒါဆောင် ပြိုကျပျက်စီးတဲ့အတွက် ၁၀ တန်းကျောင်းသူ မသက်ဝေနှင်း သေဆုံး၊ ၂ ဦးပျောက်ဆုံးနေပြီး ကျောင်းသူ ၁၄ ဦးအပါအ၀င် ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ မိခင်ဖြစ်သူက “စာသင်တဲ့ ကျောင်းမှာ ဖြစ်သွားတာ။ ကျမလည်း မမြင်လိုက်ရဘူး။ အိမ်ကနေ ပြေးကြည့်တော့ ဆေးရုံရောက်နေတာ။ အဲတော့ သမီးလေးက အသက်မရှိတော့ပါဘူး။ ဆရာတို့လက်ထဲမှာပဲ ဆုံးတာ” လို့ ပြောပါတယ်။

သပိတ်ကျင်းဆေးရုံ တာဝန်ရှိသူတဦးက ဆေးရုံတက်ထားတဲ့ ၁၈ ဦးထဲမှာ အသက် ၉၀ အရွယ် အဖွားကြီးတဦးက ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့ဟာ ပျက်စီးမှု အများဆုံးမြို့ထဲမှာ ပါဝင်ပြီး မြို့ခံအများစုဟာ မြို့နယ်ဘောလုံးကွင်းထဲမှာ ယာယီတဲထိုးနေကြရပါတယ်။

ဘုရား၊ စေတီတွေ ပြိုကျပျက်စီးသွားတဲ့ အောင်မြေသာကျောင်း ဆရာတော်က “တခါတည်း တပြိုင်တည်း အကုန်လုံး ဖောင်တော်ဦး၊ ဖောင်တော်ဖွင့် မြတ်စွာဘုရားရော ၂ ဆူပေါ့။ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ထားတဲ့ အညာသီဟတောဘုရား ၂ ဆူ ကျောင်းဆောင်ရော အကုန်ပျက်စီးသွားတယ်။ ဒီရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်စေတီလည်း အကုန်ပျက်စီး ယိုယွင်းသွားတယ်။ အကုန်လုံး ပြားပြားဝပ်ဖြစ်သွားတယ်။ အကုန်လုံးပဲ ဒီကျောင်း နာမည်ကတော့ အောင်မြေသာကျောင်းတိုက်လို့ ခေါ်တယ်။”

ဒဏ်ရာရှိသူတွေကို ဆေးဝါးကုသပေးဖို့အတွက် မန္တလေးဆေးရုံအုပ်ကြီးက ဆေးဝါးအပြည့်အစုံကို ရဟတ်ယာဉ်နဲ့ မနေ့က ပို့ထားတယ်လို့ သပိတ်ကျင်း ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။

နောက်ထပ်ငလျင်ထပ်လှုပ်ခဲ့ရင် ဒေသခံတွေ အန္တရာယ်မဖြစ်အောင် ငလျင်ပညာပေးလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“နောက်ထပ် ငလျင်ထပ်လှုပ်ခဲ့ရင် ထိခိုက်ဒဏ်ရာရမှုနည်းအောင် အမိုးအကာအောက်မှာ မနေဖို့ အစရှိတာတွေကို ညကတည်းက ပညာပေးလုပ်ထားတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွင်းက စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်၊ သပိတ်ကျင်း မြို့နယ်တွေ၊ မိုးညှင်း၊ ကန့်ဘလူ၊ မိုးကုတ်၊ တံတားဦးနဲ့ လက်ပံလှတို့မှာ သေဆုံး၊ ပျောက်ဆုံးနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပြီး ဘုရား၊ စေတီပုထိုးတွေနဲ့ လူနေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ၀က်လက်မြို့နယ်၊ ကလေးခရိုင် မော်လိုက်ခရိုင်၊ ခန်းတီးခရိုင်၊ ကသာခရိုင်နဲ့ တမူးခရိုင်တွေမှာလည်း ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ကြောင့် သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရအခြေအနေတွေနဲ့ပတ်သက်ပြီး အစိုးရက အခုချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Read more

RELATED ARTICLES
- Advertisment -
Google search engine

Most Popular