ရေအားလျှပ်စစ် စီမံကိန်းကြီးများ ပုဂ္ဂလိကနှင့် အကျိုးတူ မလုပ်ရန် ၀န်ကြီးဌာန လက်ခံ
DVB
·
November 13, 2012
အစိုးရဘတ်ဂျက်နဲ့ တည်ဆောက်နေတဲ့ နောင်တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းကြီးတွေကို ပုဂ္ဂလိက ကုမ္ပဏီကြီးတွေနဲ့ အကျိုးတူ ပူးပေါင်းမလုပ်ဖို့၊ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို (BOT) စနစ်နဲ့ လုပ်ခွင့်မပေးဖို့ လွှတ်တော်မှာ တင်ပြတာကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကရော စီမံကိန်းဝန်ကြီးဌာနကပါ သဘောတူခဲ့တယ်လို့ သိရပါတယ်။
အရင် ရေအားလျှပ်စစ် စီမံကိန်းကြီးတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် အမတ် ဦးကြည်သာက ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ ဆောင်ရွက်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေမှာရော၊ တိုင်းရင်းသား ကုမ္ပဏီတွေမှာပါ ကျွမ်းကျင် ၀န်ထမ်း အရင်းအမြစ် မရှိတာ၊ လုပ်ငန်း မကျွမ်းကျင်တာ၊ လုပ်ကိုင်ခွင့်ရသွားရင် လျှပ်စစ်မီတာ သုံးစွဲခတွေကို တိုးမြှင့်မှာဖြစ်တဲ့အတွက် ပြည်သူတွေ လျှပ်စစ်ဓာတ်အားခ ပိုပြီး ကျခံရမှာ စတဲ့ ဆိုးကျိုး အများကြီး ရှိလာမှာဖြစ်လို့ ပုဂ္ဂလိကတွေနဲ့ တိုင်းရင်းသားတွေကို လုပ်ကိုင်ခွင့်မပြုဖို့ တင်ပြတာဖြစ်ပြီး ၀န်ကြီးဌာန ၂ ခုက သဘောတူပြီး ကန့်ကွက်ဖို့ မရှိတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။