Home
မြန်မာသတင်း
လွိုင်ကော်မြို့အနီး စက်မှုရပ်ကွက်ကို စက်မှုဇုန်အဆင့်တိုးမြှင့်ပေးရန် ကြိုးပမ်းနေ
နော်နိုရင်း
·
May 29, 2019
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ စက်မှုရပ်ကွက်ကို  စက်မှုဇုန်အဆင့်တိုးမြင့်ပေးဖို့ ပြည်ထောင်စုအစိုးရကို တင်ထားပြီး စက်မှုဇုန်ဥပဒေ အတည်ပြုလာပါက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက ပြောပါတယ်။   မေလ ၂၈ ရက်က လွိုင်ကော်မှာ ကျင်းပတဲ့ ပြည်နယ်အစိုးရရဲ့ တတိယ တနှစ်တာကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ  သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးခင်မောင်ဖြူက ဖြေကြားသွားခဲ့တာပါ။ လွိုင်ကော်မြို့နယ်၊ နွားလ၀ိုးကျေးရွာအုပ်စုမှာ  စက်မှုရပ်ကွက်ဖော်ဆောင်ထားပြီး ဒါကို စက်မှုဇုန်အဖြစ်တည်ထောင်ဖို့ ပြည်ထောင်စုအစိုးရကို တင်ထားတယ်လို့ ပြောပါတယ်။    “ဒီနွားလ၀ိုးနားမှာပေါ့။ လက်ရှိက စက်မှုရပ်ကွက်အဆင့်ပေါ့။ လက်ရှိက ဧကပေါင်းဆိုရင် ကျနော်တို့ အဲဒီမှာ အပိုင်း ၁ နဲ့ အပိုင်း ၂ ခွဲထားတယ်။ အပိုင်း ၁ က ၂၆၉ ဧက ရှိပြီးတော့မှ အပိုင်း ၂က ၅၄၈ ဧက ရှိတယ်။ စုစုပေါင်း ၈၁၇ ဧက ရှိတယ်။ ဒီစက်မှုရပ်ကွက်ဆိုတာက ပြည်နယ် အစီအစဉ်နဲ့ပဲ လုပ်ထားရတဲ့အဆင့်ဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင်အသိအမှတ်ပြုထားတာ မရှိပါဘူး။ ဒါကြောင့်လည်း ကျနော်တို့အခု အစိုးရသက်တမ်း ကာလမှာ ဒါကို စက်မှုဇုန်တိုးမြှင့် ပေးပါလို့ ကျနော်တို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ကျနော်တို့ တင်ပြတယ်။ ” လွိုင်ကော်စက်မှုရပ်ကွက်ကို စက်မှုဇုန်တိုးမြှင့်ပေးဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကနေဆင့် စက်မှုဝန်ကြီးဌာနကို သဘောထားတောင်းခံရာမှာ ဒီစက်မှုရပ်ကွက်ကို စက်မှုဇုန် တိုးမြှင့်သင့်ကြောင်း သဘောထားမှတ်ချက်ပြန်လည်ရရှိခဲ့ပါတယ်။ “တပြိုင်နက်ထဲမှာပဲ ရင်းနှီးမြှုပ်နှံမယ့် လူတွေကို ဖိတ်ခေါ်တာပေါ့။ ပြည်တွင်း၊ ပြည်ပ၊  ကျနော်တို့ ဘယ်သူ့နဲ့လည်း ချိတ်ဆက်ရလဲဆိုတော့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ကိုလည်း ကျနော်တို့ ချိတ်ဆက်ထားတယ်။ သို့သော်လည်း သူတို့ဆီက ကျနော်တို့ကို ဘာအကြောင်းပြန်လဲဆိုရင် လက်ရှိစက်မှုရပ်ကွက်ကို နိုင်ငံတော် တရားဝင် အသိအမှတ်ပြုတဲ့ စက်မှုဇုန်အဖြစ်တိုးမြင့်ပေးပါ။ တိုးမြှင့်ပေးမှပဲ သူတို့က ပိုစိတ်ဝင်စားပြီးတော့ လာပြီးတော့ ရင်းနှီးမြှုပ်နှံကြမယ့် အနေအထားအကြောင်းပြန်ပါတယ်။ ဒါနဲ့ကျနော်တို့ အဆင့်ဆင့် တင်ပြပါတယ်။ အခုကျနော်တို့ ဘာကိုစောင့်နေတာလဲဆိုရင် စက်မှုဇုန်ဥပဒေပေါ့။ စက်မှုဇုန်ဥပဒေ မထွက်လာသေးသရွေ့ ရင်းနှီးမြှုပ်နှံချင်တဲ့လူတွေက သူတို့အတွက် ဥပဒေအရ အကာအကွယ်သူ တို့ရဲ့ လုပ်ပိုင်ခွင့် တိတိကျကျမရှိသေးဘူး။ဒါကြောင့် ဒါကို စောင့်ဆိုင်းနေတာ။ စက်မှုဇုန်ဥပဒေ ထွက်ပေါ်လာတဲ့အခါကျရင် ဒီလွိုင်ကော် နွားလပို့မှာရှိတဲ့ စက်မှုရပ်ကွက်သည် တရားဝင်စက်မှုဇုန် ဖြစ်သွားပါလိမ့်မယ်။” လက်ရှိမှာတော့ လွိုင်ကော်မြို့ စက်မှုရပ်ကွက်မှာ စက်မှုလုပ်ငန်း ၈၃ ခုလည်ပတ်နေသလို လမ်းပန်းဆက်သွယ်ရေးအပြင် လျှပ်စစ်ဓါတ်အားခွဲရုံတခုလည်း တည်ဆောက်ထားပါတယ်။ ဒါ့အပြင် ဘောလခဲခရိုင်မှာလည်း ရင်းနှီးမြှုပ်နှံ လုပ်နိုင်အောင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း  မြေဧက ၁၀၀ စက်မှုဝန်ကြီးဌာနကို တင်ပြထားပြီး နောင်တချိန်မှာ စက်မှုဇုန်လုပ်ဖို့ မြေပြင်ဆင် ထားတယ်လို့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိမှာတော့ ပြည်ထောင်စုလွှတ်တော်မှာ စက်မှုဇုန် ဥပဒေမူကြမ်းကို တင်သွင်း ဆွေးနွေးနေဆဲဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024