A d v e r t i s e m e n t With Us

နာမည်ကြီး လူမည်းမင်းသမီး Octavia Spencer ခေါင်းဆောင်ပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင် – Ma (နမူနာ)

စိတ္တဇဆန်ဆန် Psycho- logical Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Ma ရုပ်ရှင်ကို လာမယ့် မေလ ၃၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တာပါ။ ဒီကားရဲ့ ဒါရိုက်တာကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး Box Office မှာ ဝင်ငွေစံချိန်တင် အောင်မြင်ခဲ့တဲ့ The Girl on the Train ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Tate Taylor ဖြစ်ပါတယ်။ Sue Ann ဆိုတဲ့ အမျိုးသမီးတယောက်ဟာ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်ရှိ မြို့ငယ်လေးတမြို့က အိမ်ကြီးထဲမှာ တယောက်တည်း နေထိုင်ပါတယ်။ တရက်မှာတော့ သူဟာ ဆယ်ကျော်သက်အုပ်စုတစုနဲ့ မိတ်ဆွေဖွဲ့ဖြစ်ကြပြီး သူ့အိမ်မှာ ပါတီလုပ်ဖို့ ဖိတ်လိုက်တယ်။ ဒါပေမယ့် ထူးဆန်းတဲ့ ဒီအိမ်ထဲမှာ စည်းမျဉ်းတချို့လည်း ရှိနေပါတယ်။ အိမ်ထဲမှာ မကျိန်ဆဲဖို့၊ အိမ်ရဲ့ အပေါ်ထပ်လှေကားကို မတက်ဖို့ စတဲ့စည်းကမ်းတွေ ဖြစ်ပါတယ်။ ဆယ်ကျော်သက် ကလေးတွေက ဒီစည်းကမ်းတွေ ဖောက်ဖျက်မိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီအမျိုးသမီးကြီးရဲ့ ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ။ အိမ်ကြီးထဲမှာ ဘယ်လို ထိတ်လန့်သွေးပျက် ချောက်ချားစရာ အဖြစ်အပျက်တွေ ကြုံတွေ့ကြရမလဲ ဆိုတာကိုတော့ ရုံတင်ပြသချိန်မှာ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ရွှေကမ္ဘာလုံးဆု အပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ ဟောလိဝုဒ် လူမည်းသရုပ်ဆောင် မင်းသမီး Octavia Spencer က ခေါင်းဆောင်ပါဝင်ထားပြီး တခြား သရုပ်ဆောင်တွေဖြစ်ကြတဲ့ Juliette Lewis၊ Diana Silvers၊ Luke Evans စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၉၉ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ ကောင်းတဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up