ပိုဟန်စတီးလားအသင်းက ဧရာဝတီယူနိုက်တက်ကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင်

ဓာတ်ပုံ - MFF
တောင်ကိုရီးယား ကေလိဂ်ကလပ် ပိုဟန်စတီးလားနဲ့ ဧရာဝတီယူနိုက်တက်တို့ရဲ့ ခြေစမ်းပွဲကို မနေ့ညနေက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ရာ ပိုဟန်စတီးလားက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ယူ၂၃ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ် ပထမပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်ရသွားတာပါ။ ဧရာဝတီယူနိုက်တက်အသင်းဟာ နိုင်ငံခြားသား ကစားသမားသစ်တွေကို စမ်းသပ်အသုံးပြုသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားပြီး ၄ မိနစ်နဲ့ ၆ မိနစ်တွေမှာ နှစ်ဂိုးဆက်သွင်းကာ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီ့နောက် ဧရာဝတီယူနိုက်တက်က ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားလာပြီး ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူး အောင်ကောင်းမာန်က ချေပဂိုးတဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဧရာဝတီအသင်းက လူစားလဲမှုတွေ ပြုလုပ်ပြီး တိုက်စစ်အား မြှင့်ခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာ လွင်မိုးအောင်က ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးတွေ ပေးလိုက်ရပြီးနောက် ပိုဟန်စတီးလားအသင်း တိုက်စစ်တဖန်မြှင့်လာပြီး ပွဲချိန် ၇၆ မိနစ်မှာ အနိုင်ဂိုးသွင်းယူပြီး ပွဲအပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် လာမယ့် မေလ ၃၀ ရက်နေ့မှာ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

More News
Up