မလေးရှားရှိ နောက်ဆုံးလက်ကျန် ဆူမားတြားကြံ့ထီးကြီး သေဆုံး

မလေးရှားနိုင်ငံမှာရှိတဲ့ နောက်ဆုံးလက်ကျန် ဆူမားတြားကြံ့ထီးကြီး သေသွားပြီလို့ အရာရှိတယောက်က မေလ ၂၇ ရက်မှာ ပြောပါတယ်။ နိုင်ငံတွင်း မျိုးသုဉ်းပျောက်ကွယ်မယ့် ဘေးအန္တရာယ်ရောက်နေတဲ့ မျိုးစိတ်ကို ကယ်ဖို့ ကြိုးစားနေတဲ့ကြားကပဲ သေဆုံးခဲ့တာပါ။ တမ်လို့ နာမည်ပေးထားတဲ့ အသက် ၃၀ အရွယ် ကြံ့ကြီးဟာ ၂၀၀၈ ခုနှစ် အဖမ်းခံရပြီးတည်းက ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ ဆာဘာပြည်နယ်အတွင်း သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရာ ကြိုးဝိုင်းသစ်တောထဲမှာ နေခဲ့တယ်လို့ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ခရစ်စတီးနားလျူက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ဆူမားတြားကြံ့ဟာ ကြံ့မျိုးစိတ်တွေထဲမှာ အသေးဆုံးဖြစ်ပြီး တောထဲမှာ မျိုးသုဉ်းသွားပြီလို့ ၂၀၁၅ မှာ ကြေညာခံခဲ့ရပါတယ်။ ၂၀၁၄ မှာ အိုင်မန်လို့ နာမည်ပေးထားတဲ့ ကြံ့အမတကောင်ကို ဖမ်းမိခဲ့လို့ အိုင်မန်ဟာ မလေးရှားနိုင်ငံထဲက တကောင်တည်းကျန်တဲ့ ကြံ့မျိုးစိတ် ဖြစ်လာပါတယ်။ တခြား ကြံ့မတကောင်ဖြစ်တဲ့ ပွန်ထွန်ကတော့ ၂၀၁၇ ခုနှစ်မှာ အဖမ်းခံရင်း သေဆုံးခဲ့ပါတယ်။ တကမ္ဘာလုံးမှာ ဆူမားတြားကြံ့ အကောင်ရေ ၃၀ ကနေ ၈၀ ကြားသာ ကျန်တော့တယ်လို့ သားရိုင်းတိရစ္ဆာန်ရေးရာ ပညာရှင်တွေက ပြောပါတယ်။ ၂၀၁၁ ကတည်းက မလေးရှားဟာ ဖမ်းဆီးထားတဲ့ မျိုးစိတ်တွေကို မျိုးအောင်အောင် သားဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ဆူမားတြားကြံ့တွေ မျိုးပွားအောင် နောက်ထပ် ကြိုးစားနိုင်ဖို့ မျိုးဗီဇဆိုင်ရာ ပစ္စည်းတွေကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ဝန်ကြီး ခရစ်စတီးနားလျူက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up