ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် အမှုဆောင်သစ်များ ရွေးချယ်သွားမည်
DVB
·
November 12, 2012
[caption id="attachment_23738" align="alignleft" width="245" caption="ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေ"][/caption]
ဒီမိုကရက်တစ် ပါတီ(မြန်မာပြည်)က နိုဝင်ဘာ ၃၀ ရက်မှာ ကျင်းပမယ့် ညီလာခံမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ပါတီအမှုဆောင်တွေကို ရွေးချယ်လဲလှယ်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဟာ ၂၀၁၀ ပါတီစုံရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်တွေလည်း ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
တိုင်းနဲ့ပြည်နယ်တခုကို ကိုယ်စားလှယ် ၅ ဦးစီ၊ မြို့နယ်တခုကို ကိုယ်စားလှယ် ၂ ဦးစီနဲ့ တနိုင်ငံလုံးက ပါတီ ကိုယ်စားလှယ် ၂၀၀ လောက် တက်ရောက်မှာလည်း ဖြစ်ပါတယ်။
ပါတီရဲ့ ရည်ရွယ်ချက်တွေကို အောင်အောင်မြင်မြင် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပတာလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
“ညီလာခံလုပ်တဲ့ သဘောက ဒါဟာ လုပ်ငန်းအသစ်တွေချဖို့၊ လူအသစ်တွေရွေးဖို့ လုပ်မယ်။ လုပ်တဲ့အခါ ရည်ရွယ်ချက်တွေရှိတယ်၊ မူလက ရည်ရွယ်ချက်တွေ ပိုအောင်မြင်ပေါ့။ နောက် လုပ်ငန်းစဉ်အသစ်တွေလည်းချမှာပေါ့။ ဒါတွေအောင်မြင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း လုပ်မှာပါ။”
ရန်ကုန် ၀ိုမ်အမ်စီအေမှာ ဒီနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပမှာ ဖြစ်ပြီး သက်ဆိုင်ရာ ဌာန လုံခြုံရေး အဖွဲ့နဲ့ ရွေးကောက်ပွဲကော်မရှင်တွေထံကို ကျင်းပဖို့အတွက် ခွင့်ပြုချက် ရယူထားတယ်လို့ ဆိုပါတယ်။