Home
မြန်မာသတင်း
ကလေးဝမြို့နယ်တွင် ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ပွား ၄ ဦးသေ၊ ၄ ဦးဒဏ်ရာရ
Aung Ko Latt
·
May 28, 2019
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ပလူဇဝဒေသရှိ ထူးဟန်သစ်ကုမ္ပဏီရဲ့ ကျောက်မီးသွေးတွင်းလုပ်ကွက်မှာ မေလ ၂၇ ရက် ည ၁၀ နာရီကျော်လောက်က ဂတ်စ်အိုး ပေါက်ကွဲပြီး လူ ၄ ဦးသေဆုံးကာ၊ ၄ ဦး ဒဏ်ရာရရှိသွားပါတယ်။ အသက်မသေဘဲ လွတ်မြောက်တဲ့ တွင်းလုပ်သား ကိုစောသဲဦးက  "ကျနော်က နေမကောင်းလို့ ကျင်းပေါ်ပြန်တက်ပြီး ရောက်ခါပဲရှိသေးတယ်ဖြစ်သွားတာ။ ကျင်းတော့ မပြိုဘူး။ ပေါက်ကွဲမှုဖြစ်တာပါ။ ဂတ်စ်အိုး မလုံတာကနေ ပေါက်တာပေါ့။  တယောက်ကတော့ အပေါ်ရောက်မှသေတာ။ ကျန်တာတွေကတော့ အထဲမှာ မီးလောင် အောက်ဆီဂျင် ပြတ်ပြီးသေတာ။ ကျင်းက တမိုင်လောက်တော့ ရှိမယ်ထင်တယ်။ နာရီဝက်လောက် လမ်းလျှောက်ရတယ်။ ကျင်းထဲကို အောက်ဆီဂျင်လွှတ်ပေးထားတယ်။ ဦးထုပ်၊ ဓာတ်မီး၊ ဘွတ်ဖိနပ်ကလွဲရင် ကုမ္ပဏီက ကျန်တာ ဘာမှ လုပ်ပေးတာ မရှိဘူး။ အဝတ်အစားလည်း ပုဆိုးကလွဲရင် ကျန်တာ ဝတ်ချင်သလို ဝတ်လို့ရတယ်။ အလုပ်သမားက နေ့ဆိုင်း ညဆိုင်း ဆင်းရတာ။"လို့ ပြောပါတယ်။ အခုလို မတော်တဆမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရရှိသေးပါဘူး။ ပေါက်ကွဲမှုကြောင့် ချမ်းငြိမ်းသူ (၁၇ နှစ်)၊ ပြည့်ဖြိုး (၂၂ နှစ်)၊ အောင်လင်းဦး (၂၂ နှစ်)နှင့် စန်းကိုဦး (၂၇ နှစ်) တို့ သေဆုံးခဲ့ပြီး စိုးခိုင် (၂၁ နှစ်)၊ ဦးနေစိုး (၅၀ နှစ်)၊ စောလွင်ဦး (၂၃ နှစ်)၊ စိုးပိုင် (၂၃ နှစ်)တို့မှာ မီးလောင်ဒဏ်ရာနဲ့ ထိခိုက်ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သေဆုံးသွားသူတွေရဲ့အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို ကလေးဝပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်က ကလေးဝမြို့နယ်၊ ကျောက်မီးသွေးတွင်းတွေမှာ ၂ ပတ်အတွင်း ၃ ကြိမ်မြောက် ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ မေလ ၁၉ ရက် ညနေပိုင်းကလည်း ကျောက်အုံကျေးရွာအနီး ထူးဟန်သစ် ကုမ္ပဏီက တာဝန်ယူတူးဖော်ထုတ်လုပ်နေတဲ့ ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ တရုတ်နိုင်ငံသားတဦးအပါအ၀င် ကျောက်မီးသွေးတွင်းလုပ်သား ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထူးဟန်သစ်ကုမ္ပဏီရဲ့ လုပ်ကွက်မှာ  ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကျင်းအမိုးပြိုကျလို့ ကျင်းသားတဦး သေဆုံးခဲ့သလို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ကျင်းထဲမှာ အောက်ဆီဂျင်ပြတ်ကာ ကျေင်းသား ၁ ဦးသေဆုံးခဲ့ပါတယ်။ ကျောက်မီးသွေးတွင်း မတော်မတဆမှုတွေမှာ ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှု ရှိဖို့လိုအပ်တဲ့အကြောင်း ကလေးဝမြို့ခံ ဒေါ်အိအိခိုင်က "မကြာခဏဆိုသလို ပြဿနာတွေတက်၊ မတော်တဆမှုတွေဖြစ်တယ်။ ဖြစ်လိုက်တိုင်းလည်း ကုမ္ပဏီတွေက တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ အခုလည်း ကုမ္ပဏီတာဝန်ရှိသူတွေ ဆေးရုံကို ရောက်မလာကြဘူး။ အရင်ရက်ပိုင်းက ဖြစ်ထားတဲ့ လူတွေလည်း ဆေးတွေပြတ်လိုပြတ်နဲ့။ ဒီ ကုမ္ပဏီတင်မကဘူး တခြား ကုမ္ပဏီလက်ခွဲတွေလည်း အဲလိုကများများ။ ပြောရရင် အရင်တုန်းက သတ္တုတွင်းက လုပ်တုန်းကလို ဥပဒေ၊ စည်းမျဉ်း စည်းကမ်း ညွှန်ကြားချကတွေ လိုက်နာတာ အားနည်းတယ်။ သူတို့က အချိန်တိုအတွင်း ကျောက်မီးသွေးများများရရေးကိုပဲ ဦးစားပေးတာ။ နောက်ပြဿနာ နောက်ရှင်းဆိုတာလိုပဲ။ အခုဖြစ်တဲ့ဟာဆိုရင် တယောက်က ၁၇ နှစ်ပဲရှိသေးတယ်။ အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံနေရတာတွေလည်း ရှိနေတယ်။"လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်း သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဌာနတွေကို ပူးတွဲကိုင်တွယ်နေတဲ့ ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းကတော့ ကျောက်မီးသွေးတူးဖော်မှုတွေကို ပိတ်သိမ်းချင်တဲ့အကြောင်းနဲ့ လတ်လော အရေးယူနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့  ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ "ပြည်ထောင်စု စာချုပ်ထားတာတွေ ပြဿနာတက်မှပဲ သိရတယ်။ ကျနော်တို့နဲ့ မဆိုင်ဘူးဆိုပြီးတော့လည်း ရှောင်လို့မရ။ ဘယ်လို အရေးယူနိုင်မလဲဆိုတာ ပြည်ထောင်စုကို မေးထားတယ်။ ပိတ်လို့ရရင် တိုင်းအနေနဲ့ အကုန်လုံးပိတ်ချင်တာ။ လောလောဆယ်တော့ အရေးယူနိုင်ဖို့ ပြည်ထောင်စုနဲ့ ညှိနှိုင်နတယ်။ အလုပ်သမား ပြဿနာတွေလည်း ရှိတယ်။" ကလေးဝမြို့နယ်မှာ ကျောက်မီးသွေးထုတ်လုပ်နေတဲ့ အဓိကကုမ္ပဏီ ၁၀ ခုရှိရာမှာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှာ မတော်တဆ ထိခိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့လို့  မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ)နဲ့ အရေးယူပြီး ဒဏ်ငွေ သိန်း ၂၀၀ ပေးဆောင်စေခဲ့ပါတယ်။ ထွန်းသွင်းကုမ္ပဏီကိုတော့ သတ္တုတွင်း ဥပဒေ၊ နည်းဥဒေ၊ အမိန့်၊ ညွှန်ကြာချက်မလိုက်နာတဲ့ အပြင် ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မယူဘဲ ကုမ္ပဏီလက်ခွဲပေးဆောင်ရွက် စေတာကြောင့် ၂၀၁၈ နိုဝင်ဘာ ၈ ရက်နေ့ကစတင်ကာ ထုတ်လုပ်မှု ယာယီဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ ထူးဟန်သစ်ကုမ္ပဏီကတော့ ကျောက်မီးသွေးထုတ်လုပ်ခွင့်ရရှိထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီနဲ့ ထပ်ဆင့်စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ကလေးဝမြို့နယ်အတွင်း ပလူဇဝ၊ သစ်ချောက်၊ ယောစု၊ ကျောက်အုံ စတဲ့နေရာတွေမှာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ ထွန်းသွင်၊ ထူး၊ မက်(စ်)မြန်မာ၊ ရွှေတောင် စတဲ့ ကုမ္ပဏီကြီးတွေအပါအဝင် ကုမ္ပဏီ ၁၀ ခုက ကျောက်မီးသွေး တူးဖော်နေကြတာပါ။ ကလေးဝမြို့နယ်မှာ ကျောက်မီးသွေးထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဟာ သတ္တုတွင်းဌာနရဲ့ အမိန့်ညွန်ကြားချက်တွေ လိုက်နာမှု အားနည်းသလို ပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းမှုလည်း အားနည်းနေတဲ့အတွက် စိစစ်ကြပ်မတ်ပေးဖို့ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရာကော်မတီ အတွင်းရေးမှုး ဦးစောမောင်က ပြီးခဲ့တဲ့ ၁၈ ကြိမ်မြောက် လွှတ်တော်မှာ ကွင်းဆင်းအစီရင်ခံစာတင်ပြခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024