A d v e r t i s e m e n t With Us

ဖက်ဒရယ်ဥပဒေကြမ်းကိစ္စ တိုင်းရင်းသား ၁၃ ပါတီ ကူညီရေးဆွဲမည်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တာဝန်အပ်နှင်းတဲ့ ဖက်ဒရယ်ဥပဒေမူကြမ်း ရေးဆွဲရေးကိစ္စမှာ ပူးပေါင်းကူညီဆောင်ရွက်မယ်လို့ ပြည်တွင်းတိုင်းရင်းသားပါတီတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တိုင်းရင်းသားပါတီ ၁၃ ဖွဲ့က ဖက်ဒရယ်မူကြမ်းရေးဆွဲဖို့ တာဝန်အပ်နှင်းခံရတဲ့ ဦးတီခွန်မြတ်၊ ဒေါ်နန်းဝါနုတို့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း ပြောခွင့်ရသူ ဦးစောသန်းမြင့်က သူတို့ထံမှာ ပင်လုံစာချုပ်ပေါ်အခြေခံပြီး ဒီနေ့ခေတ်နိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ ဖယ်ဒရယ်မူကြမ်းကိုလည်း ရေးဆွဲထားပြီးပြီလို့ ဆိုပါတယ်။ “ကျနော်တို့က ဥပဒေပညာရှင်မဟုတ်ဘူးလေ။ ဒီတော့ ဥပဒေပညာရှင်နဲ့ ညှိနှိုင်းမယ်။ လွှတ်တော်ကပြဋ္ဌာန်းမယ့် ဖက်ဒရယ်နဲ့ ကျနော်တို့ ဖက်ဒရယ် ကွာခြားမှုရှိမယ်မထင်ပါဘူး။ ခေတ်စနစ်နဲ့ ဒေသနဲ့ လိုက်လျောညီထွေဖြစ်မယ့် လက်ရှိအနေအထားနဲ့ လိုက်လျောညီထွေဖြစ်မယ့် အကောင်းဆုံးအနေအထားကို ကြိုးစားပြီး ပင်လုံကို အခြေခံပြီး လုပ်သွားမယ်။ မူကြမ်းကတော့ အစကတည်းက ပညာရှင်တွေနဲ့ အချိန်ရတိုင်း ညှိနှိုင်းနေတာပါ။ တရားဝင်ထုတ်ပြန်လို့တော့ မရသေးပါဘူး၊ လက်ရှိလုပ်နေဆဲဆိုတော့။” ဖက်ဒရယ်စနစ်ဟာ နိုင်ငံတော်အာဏာ သုံးရပ်ကို ပြည်နယ်နဲ့တိုင်းဒေသမှာ မျှတစွာ ခွဲဝေပေးတဲ့ စနစ်ဖြစ်ပြီး ခွဲထွက်ရေးမူမဟုတ်ဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခပြဿနာဟာ ပြည်ထောင်စုလုံခြုံရေးပြဿနာလို့ သဘောထားတဲ့အတွက် သတိကြီးစွာထားပြီး ဖြေရှင်းပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားပါတယ်။ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးဝေဖန်နေကြတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကိုတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ အခြေအနေအရ ပြည်နယ်မှာ ကျင့်သုံးဖို့ မသင့်လျော်သေးဘူးလို့ ပြောပါတယ်။ လက်ရှိပြည်နယ်တွေရဲ့ အမည်နာမ ပြောင်းလဲတဲ့ အယူအဆကိုလည်း လက်မခံဘူးလို့ ဆိုပါတယ်။ ဖက်ဒရယ်ကို ယုံကြည်တဲ့အတွက် ညီနောင်တိုင်းရင်းသားဖိုရမ် အမည်ကနေ ညီနောင်တိုင်းရင်းသား ဖက်ဒရယ်ရေးရှင်းအဖြစ် အမည်ပြောင်းခဲ့တာဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီ စတဲ့ ပါတီ ၆ ဖွဲ့ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကကျင်းပတဲ့ ညီနောင်တိုင်းရင်းသားဖက်ဒရေးရှင်း အစည်းအဝေးမှာ ရှမ်းနီ၊ ဓနု၊ အရှိုချင်း၊ ပအိုဝ်း၊ တအာင်းပလောင်၊ ၀ နဲ့ အင်းအမျိုးသားဖွံ့ဖြိုးရေးပါတီ စတဲ့ တိုင်းရင်းသားပါတီ ၇ ဖွဲ့လည်း တက်ရောက်လေ့လာခဲ့ပြီး ထုတ်ပြန်ကြေညာချက်ကို ပူးပေါင်းသဘောတူခဲ့ကြပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ဖွဲ့အနေနဲ့ အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်ကို ကြိုဆိုလိုက်ပြီး မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှုအတွက် သမ္မတဆီက အကြံဥာဏ်ကောင်းတွေ မျှော်လင့်တယ်လို့ ညီနောင်တိုင်းရင်းသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up