အင်းဒင်ရွာလူသတ်မှုဖြင့်အကျဉ်းကျနေသည့် တပ်မတော်အရာရှိစစ်သည်များ ထောင်ထဲတွင် မရှိတော့
ပိုင်စိုး
·
May 27, 2019
အင်းဒင်ရွာ လူသတ်မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တပ်မတော်အရာရှိနဲ့ စစ်သည်တွေ အကျဉ်းထောင်ထဲမှာ မရှိတော့ဘူးလို့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အဲဒီ အရာရှိနဲ့ စစ်သည်ဟောင်းတွေ ထောင်ထဲမှာ ထိန်းသိမ်းထားတာ မရှိတော့ဘူးလို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ဒီနေ့ပြုလုပ်တဲ့ အစိုးရရဲ့ တတိယ တနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တာတွေကို ရှင်းလင်းတဲ့ပွဲမှာ သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားခဲ့တာပါ။
"ကျနော်တို့ အကျဉ်းထောင်မှာ တပ်မတော်သား ၇ ဦးနဲ့ ပတ်သက်ပြီး အင်းဒင်ကိစ္စနဲ့ ပတ်သက်ပြီး ထိန်းသိမ်းထားတာ မရှိပါဘူး”လို့ အကျဉ်းစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ဖြေကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးကတော့ အခုလိုမေးလာမှ သိရပြီး ဒီကိစ္စကို မသိဘူးလို့ ဖြေပါတယ်။
စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီး အောင်ခင်သိန်းက “လွတ်ပြီဆိုတာကတော့ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ နယ်ဘက်တရားရုံးတွေမှာလိုပဲ စစ်ဘက်တရားရုံးမှာလည်း ပြစ်ဒဏ်ချမှတ်ခံရသူတွေအနေနဲ့ ထောင်ကို ရောက်သွားတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီကို အယူခံတင်ခွင့်ရှိပါတယ်။ အဲဒီမှာ ပြစ်ဒဏ်မလျော့ဘူးဆိုရင်လည်း ဗိုလ်မှူးကြီး အဆင့်နဲ့ အထက်အရာရှိတွေ ရုံးထိုင်တဲ့ စစ်ဘက် အယူခံတရားရုံးကို တက်နိုင်ပါသေးတယ်” လို့ ပြောပါတယ်။
သူတို့ကို ထောင်သက် ၁နှစ်တောင်မပြည့်သေးခင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ပြန်လွှတ်ပေးခဲ့တာလို့ အကျဉ်းကျခံနေရတဲ့ တပ်မတော်သားအတူ ထောင်ထဲမှာ နေထိုင်ခဲ့ပြီး ပြန်လွတ်လာတဲ့အကျဉ်းသား နှစ်ဦးနဲ့ အကျဉ်းထောင် တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ ဘင်္ဂါလီ ၁၀ ယောက်ကို ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ပစ်လိုက်တဲ့ကိစ္စ တပ်မတော် အရာရှိ ၄ ယောက်နဲ့ စစ်သည် ၃ ယောက်ကို တပ်မတော်က ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် အရေးယူခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စကို အတည်မပြုနိုင်သေးဘဲ နောက်ထပ်တွေ့ဆုံမယ့် သတင်းစာ ရှင်းလင်းပွဲတွေမှာတော့ ဖြေကြား နိုင်မယ်လို့လည်း ကာကွယ်ရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ - Myanmar Digital News