Home
မြန်မာသတင်း
ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်စဉ် လူမျိုးရေးထိခိုက်သည့် စကားသံများပါသွားသဖြင့် တောင်းပန်
ပိုင်စိုး
·
May 27, 2019
ရှမ်းယူနိုက်တက်အသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ရဲ့ ဘောလုံးပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေတုန်း လူမျိုးရေးထိခိုက်တဲ့ စကားလုံးတွေပါ သွားတဲ့အပေါ် အစီအစဉ် တင်ဆက်သူက  တောင်းပန်လိုက်ပါတယ်။ မေ ၂၅ ရက်က ရန်ကုန် သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်တို့ပွဲစဉ်ကို မြဝတီ ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်နေရင်း ရှမ်းယူနိုက်တက်က ဂိုးသွင်းယူပြီးချိန်မှာ ရခိုင်အသင်းနဲ့ ပတ်သက်လို့ ရိုင်းစိုင်းထိခိုက်စေတဲ့ စကားအသုံးအနှုန်းနဲ့ ပြောဆိုသံတခု ပါလာခဲ့ပါတယ်။ ဒီအကြောင်းကို လူမှုကွန်ရက်မှာ ရုပ်သံဗွီဒီယိုနဲ့ တင်ပြမျှဝေသူ အများကြီး ရှိနေပြီး ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ အစီအစဉ်တင်ဆက်သူ ကိုဝင်းထိုက်က “တိုက်ရိုက်ထုတ်လွှင့်ခဲ့စဉ် ပွဲချိန် ၁၀ မိနစ်နှင့် ၃၅ စက္ကန့်တွင်  ရှမ်းယူနိုက်တက်အသင်းမှ ရခိုင် ယူနိုက်တက်အသင်းဘက်သို့ ပထမဂိုသွင်းအပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရခိုင်အသင်းနှင့် ရခိုင်ဘောလုံးချစ်ပရိ သတ်များအပေါ် နစ်နာစေသည့် စကားသံအချို့ ပါဝင်ထုတ်လွှင့်မိခဲ့ပါသည်။ ကျနော့်အနေဖြင့် Slow Motion ပြနေတုန်းတွင် အခြားအသံဝင်သွားတာဖြစ်ပြီး Live လွှင့်သည့် အခန်းထဲမှ ကျနော့်အနားတွင်ရှိသော မိုက်ခလုတ်ကို အဲဒီအချိန်၌ အပြင်အသံများ မဝင်အောင် မိုက်ခဏပိတ်ဖို့ မေ့သွားသော ကျနော့်တဦးတည်းမှာပင် လုံးဝတာဝန်ရှိပါကြောင်း အားလုံးကို အနူးအညွတ် တောင်းပန်အပ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ  ရေးသားဖော်ပြထားပါတယ်။ ဒီ ဘောလုံးပွဲကို လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ MY SPORTS အားကစား ချယ်နယ်ကလည်း ရှမ်းယူနိုက်တက်အသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို မြဝတီရုပ်သံလိုင်း ရိုက်ကူးထုတ်လုပ်ရေးအဖွဲ့က ဦးဆောင်ရိုက်ကူးခဲ့ပြီး အဲဒီကတဆင့် LIVE Stream ကို ရယူကာ MY SPORTS ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်သံရိုက်ကူးထုတ်လွှင့်တဲ့အဖွဲ့ရဲ့ ပေါ့ဆမှုကြောင့် မလိုလားအပ်တဲ့အခြေအနေတွေ ဖြစ်လာခဲ့ပြီး သက်ဆိုင်ရာရိုက်ကူးထုတ်လုပ်ရေးအဖွဲ့ကိုလည်း လိုအပ်သလို အရေးယူထားပြီလို့ ဆိုပါတယ်။ MY SPORTS ဟာ ဘယ်လူမျိုးရေးခွဲခြားတဲ့ကိစ္စမျိုးမဆို အားမပေးဘဲ ရှုတ်ချကြောင်းနဲ့ အလားတူဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေဖို့ အထူးအလေးထားဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024