ရင်ဖွင့်စာ
DVB
·
May 26, 2019
လျှပ်စစ်မီးတိုင်၊ မီးကြိုး ကိုယ်ထူကိုယ်ထ တပ်ဆင်ပြီး မီးမရသေးတဲ့ ဘုရားကုန်းကျေးရွာအုပ်စု Oak Kyi အကောင့်ကနေ ဓာတ်ပုံကလေးတွေနဲ့ ပို့လာတဲ့စာပါ  ရန်ကုန်တိုင်း၊ သံလျင် မြို့နယ်၊ ဘုရားကုန်း ကျေးရွာအုပ်စု စေတနာရွာ၊ နတ်စင်ကုန်းရွာမှာ လျပ်စစ်မီး မရရှိသေးတဲ့ အကြောင်း ဖြစ်ပါတယ်။ ပုံတွေမှာပါတဲ့အတိုင်းပါပဲ။ လျပ်စစ်မီးတိုင်နဲ့ ဓာတ်ကြိုးတွေကို ကိုယ်ထူကိုယ်ထ သွယ်တန်းလုပ်ဆောင်ပြီးစီးခဲ့သော်လည်း လျပ်စစ်မီး အခုထိ မပို့လွှတ်သေးပါဘူး။ ၂၀၁၇ ခုနှစ်ကတည်းက အားလုံးသွယ်ပြီးတာပါ။ အခုထိ မီးသုံးစွဲခွင့် မရသေးတဲ့ စေတနာရွာ၊ နတ်စင်ကုန်းကျေးရွာ ပြည်သူတွေကိုယ်စား ဒီဗွီဘီကတဆင့် ရင်ဖွင့်လိုက်ရပါတယ်။ Oak Kyi   မီတာခဆောင်ပြီး မီးမရတာကြာပြီဖြစ်တဲ့ ဓနုဖြူမြို့နယ်က အကျော်ကျေးရွာ ကျနော့်ရဲ့ အကောင့်ကို မဖော်ပြပါနဲ့ဗျာ။ ကျနော်ကတော့ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ကပါ။ ဓနုဖြူမြိုနယ်၊ အကျော်ကျေးရွာမှာ လျှပ်စစ်မီးရတာ နှစ်တွေ တော်တော် ကြာခဲ့ပါပြီ။ ကိုယ်အသုံးပြုထားတဲ့ မီတာခရယ်၊ မီတာထိန်းသိမ်းခ ၅၀၀ ရယ်ပေးဆောင်ရတာကို မပြောလိုပါဘူး။ မီတာ စရတဲ့အချိန်ကစပြီး ဒီနေ့အချိန်ထိ ၃၀၀ သို့မဟုတ် ၅၀၀ ကျပ်အား မီတာစာပေါ်မှာရေးပြီး တောင်းခံနေသည်မှာ ဘာအတွက်မှန်း မသိလို့ မြို့နယ်လျှပ်စစ်တာဝန်ရှိ လူကြီးမင်းနဲ့ ဧရာဝတီတိုင်း လျှပ်စစ်ဝန်ကြီးတို့မှ တာဝန်ယူ ဖြေရှင်းပေးစေချင်ပါတယ်။ မဖြေရှင်းပေးပါက နိုင်ငံတော် သမ္မတနဲ့ အမေစုဆီကို စာရေးအကြောင်းကြားရပါလိမ့်မယ်။ အသေးအဖွဲလေးကို အောက်ခြေမှာတင် ပြီးစေချင်ပါတယ်။ ၅၀၀ အားလုံးဝ...လုံးဝမတောင်းခိုင်းပါနဲ့တော့လို့ ပြောပါရစေ။ အမည်မဖော်လိုသူ စားသုံးရန်မသင့် မြောင်းဆီများ သိမ်းဆည်းပြီး ပြန်ပေးသည့်ကိစ္စ စစ်ဆေးပေးပါ Kyaw Thura အကောင့်ကနေ ဓာတ်ပုံကလေးနဲ့ ပို့လာတဲ့စာပါ။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းရွာမှာ ကုမ္ပဏီတခုက တင်သွင်းတဲ့ စားအုန်းဆီပုံးတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခု ၁၀ လပိုင်းမှာ တာဝန်ရှိသူတွေက ဆီပုံးတွေကို စားသုံးရန် မသင်တဲ့ မြောင်းဆီတွေ ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။ ၁ ပတ်လောက် ကြာတဲ့အခါ စားသုံးရန်မသင့်တဲ့ (မြောင်းဆီ) တွေကို ဖျက်ဆီး ပစ်ရမယ့်အစား ကုမ္ပဏီကို ပြန်ပေးလိုက်တဲ့ကိစ္စ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပွင့်လင်း မြင်သာရှိစေဖို့ မေးမြန်း စုံစမ်းပေးစေလိုပါသည်ခင်ဗျား။ ဖမ်းမိတဲ့ ပစ္စည်းတွေကို ကလေးကစားသလို ဖမ်းပြီး ပြန်ပေးလို့ရပါသလား ဆိုတာကိုလည်း သိရှိလိုပါတယ်ခင်ဗျား။ စားသုံးရန်မသင့်တဲ့ ဆီတွေ၊ တံဆိပ်တမျိုးမျိုးနဲ့ ဈေးကွက်အတွင်း ပြန်ဝင်လာလျှင် မည်သူက တာဝန်ယူ/တာဝန်ခံမည်ဆိုတာကို သိရှိလိုပါတယ်။ ကိုကျော်သူ (မြင်းကကုန်း) ဆရာ/ဆရာမ အပြောင်းအရွှေ့ လာဘ်စားမှုရှိမရှိ စုံစမ်းပေးပါ ကျမက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ အထက ကပစ ၁၆ ကျောင်းမှာ တာဝန်ထမ်းဆောင်နေသော အထက်တန်းပြ ဆရာမ ဒေါ်ဝါဆိုဦးပါ။ တော်တော်လေးကို ခံပြင်းလွန်းလို့ ရင်ဖွင့်လိုက်ပါတယ်။ ပြီးခဲ့တဲ့မေ ၂ ရက်နေ့က အထက်တန်းပြအပြောင်းအရွှေ့တွေ ထွက်ခဲ့ပါတယ်။ ကျမ မပါခဲ့ပါ။ အခုလက်ရှိ အထက ကပစ ၁၆ ကျောင်းမှာ ကျမ တာဝန်ထမ်းဆောင်လာတာ ၂၀၁၄ ခုနှစ် ၁၁ လပိုင်း ၃ ရက်နေ့ကတည်းက သူငယ်ချင်း ၄ ယောက် အတူတာဝန် စကျခဲ့ပါတယ်။ သူငယ်ချင်း ၃ ယောက် အပြောင်းပါသွားတာတောင် ကျမကတော့ ၂၀၁၉ အထိ အပြောင်းမပါခဲ့သေးပါဘူး။ လုပ်သက်လည်း ၄ နှစ်ကျော်နေပါပြီ။ လျှောက်ထားတဲ့ကျောင်းကလည်း ဘာသာရပ်ဆိုင်ရာနေရာလပ် ရှိလျက်သားနဲ့ အပြောင်းမပေးခဲ့ပါဘူး။ ဒါပေမယ့် လုပ်သက် ၂ နှစ်သာရှိသေးတဲ့ ဆရာမကတော့ အပြောင်းကို စလျှောက်တဲ့နှစ်မှာပဲ သူလိုချင်တဲ့ကျောင်းကို ပါသွားခဲ့ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ကိစ္စတွေ လာဘ်ပေးလာဘ်ယူ ရှိမရှိ စုံစမ်း ဖော်ထုတ်ပေးဖို့နဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို တန်းစီဇယားအတိုင်း ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ လူကြီးမင်းများအားလုံး သိစေဖို့ ဒီဗွီဘီကတဆင့် ရင်ဖွင့်လိုက်ရပါတယ်။ DAW SO   လမ်းပိတ်နေတဲ့ မန္တလေးမြို့က စွန့်ပစ်ပစ္စည်းအ၀ယ်ဒိုင် ပုံပါအတိုင်း စွန့်ပစ်ပစ္စည်း အဝယ်ဒိုင်မှာ အမြဲတန်း လမ်းပိတ်နေပါတယ်ခင်ဗျာ။  တခါတလေဆိုရင် ဆိုင်ကယ်တစီးစာတောင် သွားလို့မလွယ်ပါဘူးခင်ဗျာ့။ နွေရာသီဆိုတော့ မီးလောင်ရင် ပြေးဖို့ မလွယ်သလို လောင်စာတွေချည်း ဖြစ်နေလို့ ရှင်းလင်း ပေးစေချင်ပါတယ်။ စည်ပင်တိုင်တော့ လည်း သူတို့က ကြိုတင်သတင်းရတော့ ကြိုရှင်းထားပါတယ်။ နေရာက မန္တလေးမြို့ (၃၇) လမ်း၊ (၃၈) လမ်းကြား၊ (၇၂) လမ်း စီးတော်မြင်းဝန် ဘုန်းကြီးကျောင်း အနောက်ဘက်ပါခင်ဗျာ။ Ko Ko King
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024