မြန်မာနိုင်ငံအတွင်း လုပ်ငန်းရှင်များ ပေါ်ပေါက်ရေး အခွန်လျှော့ချပေးရန်လိုအပ်
DVB
·
May 26, 2019
မြန်မာနိုင်ငံမှာ ပြည်တွင်းလုပ်ငန်းရှင်နဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပေါ်ပေါက်လာဖို့ အစိုးရအနေနဲ့ အခွန်စနစ်ကို လျှော့ချကောက်ခံပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ပြောပါတယ်။
မေလ ၂၆ ရက်နေ့က မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ၁၉ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံမှာ အသင်းချုပ်ဥက္ကဋ္ဌက မြန်မာနိုင်ငံမှာ ရင်းနှီမြှုပ်နှံမှုလုပ်ငန်းတွေကို နိုင်ငံခြားလုပ်ငန်းရှင်တွေကသာ အများစုလုပ်ကိုင်နေပြီး ပြည်တွင်းနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ လုပ်ကိုင်တာနည်းပါးနေတယ်လို့ ပြောပါတယ်။
ဒီလိုနည်းပါးနေတာဟာ ငွေကြေးအရင်းအနှီး အနည်းငယ်နဲ့ လုပ်ငန်း စတင်လုပ်ကိုင် တော့မယ်ဆိုပါက အစိုးရကို အခွန်စနစ် ၃၀ ရာခိုင်နှုန်းပေးဆောင်ရတဲ့အတွက်ဖြစ်ကြောင်း လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။
“လုပ်ငန်းရှင်တဦးဟာ ငွေကြေးသိန်း ၃ ထောင်နဲ့ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် သူ့ရဲ့ အမြတ်ရာနှုန်းဟာ ၅ ရာခိုင်းနှုန်းပဲရှိပါတယ်။ အစိုးရကို အခွန်ပေးဆောင်ရတာတော့ ၃၀ ရာခိုင်နှုန်း ပေးဆောင်ရတာပါ။ ဒီအခါမှာ လုပ်ငန်းရှင်က အခွန်ပေးဆောင်ရမယ့်နှုန်းထားနဲ့ လုပ်ငန်းကရမယ့်အမြတ်ငွေကို တွက်ချက်ပြီးရင်းနှီးဖို့ မစဉ်းစားတော့ဘဲ ဘဏ်အပ်ငွေနဲ့ပဲ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းရယူနေတဲ့ လုပ်ငန်းရှင်တွေများတယ်။”
အစိုးရအနေနဲ့ အခွန်စနစ်ကို လုပ်ငန်းရှင်အမြတ်ငွေ ၅ ရာနှုန်းထဲကနေ ၂ ရာခိုင်နှုန်း သို့မဟုတ် ၃ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံသင့်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား များပြားနေတဲ့ အချက်ကလည်း ပြည်တွင်းလုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံမှုနည်းနေတာနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။